တိုက်ပွဲများလျော့ချရေး မြောက်ပိုင်း ၄ ဖွဲ့နှင့် အစိုးရတို့ မူဆယ်တွင်ဆွေးနွေးမည်
နော်နိုရင်း
·
April 25, 2019
မြောက်ပိုင်း မဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် ၄ ဖွဲ့နဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးစင်တာ (အန်အာပီစီ)တို့ လာမယ့် ဧပြီ ၃၀ ရက်နေ့ ရှမ်းပြည်နယ် မူဆယ်မြို့မှာ တွေ့ဆုံဖို့ ရှိနေပါတယ်။
ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)၊ ရက္ခိုင့်တပ်မတော် (အေအေ)၊ တအာင်းပလောင်လွတ်မြောက်ရေးတပ်မတော် (တီအန်အယ်လ်အေ)နဲ့ ကိုးကန့်တပ်မတော် (အမ်အန်ဒီအေအေ) တို့ အန်အာပီစီ ကိုယ်စားလှယ်အဖွဲ့နဲ့ မူဆယ်မြို့မှာ တွေ့ဆုံမယ်လို့ တီအန်အယ်လ်အေ ပြောခွင့်ရသူ ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။
“ဒီတွေ့ဆုံပွဲကတော့ တိုက်ပွဲဖြစ်နေတယ်။ တိုက်ပွဲကို ဘယ်လိုလျော့မလဲ၊ အဓိကကတော့ စစ်ရေးကိစ္စပေါ့နော်။ တိုက်ပွဲလျော့ချဖို့ အဲဒါတွေကျနော်တို့ ကြိုတင်ပြင်ဆင်ထားတာပေါ့နော်။”
ဒီတွေ့ဆုံပွဲမှာ တဖွဲ့ချင်းသီးသန့်တွေ့ဆုံမှာဟုတ်ပဲ ပေါင်းပြီးတွေ့ဆုံသွားမယ်လို့ လည်း ဗိုလ်မှူးမိုင်အိုက်ကျော်က ပြောပါတယ်။
မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ် လျှင်မြန်စွာဖော်ဆောင်ရေးအတွက် တရုတ်နိုင်ငံက ကြားဝင်စေ့စပ်ပေးဖို့ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင် ၃ ဖွဲ့က ဖြစ်တဲ့ အေအေ၊ တီအန်အယ်လ်အေနဲ့ အမ်အန်ဒီအေအေ တို့ကမနေ့ ပူးပေါင်း တောင်းဆိုထားပါတယ်။
ဒါ့အပြင် ရခိုင်ပြည်နယ်ထဲမှာ တပ်မတော်က အေအေတပ်ဖွဲ့ကို ထိုးစစ်ဆင်တိုက်ခိုက် နေတာတွေကို ခြွင်းချက်မရှိ ချက်ချင်း ရပ်တန့်ဖို့ တောင်းဆိုထားပြီး မရပ်တန့်ပါက အဖွဲ့ ၃ ဖွဲ့အနေဖြင့် မဟာမိတ်ပီသစွာ လုပ်ဆောင်သွားမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။