မော်စကို နိုင်ငံတကာ လုံခြုံရေးညီလာခံ မြန်မာကာချုပ် တက်ရောက်မိန့်ခွန်းပြော
DVB
·
April 25, 2019
ရုရှားနိုင်ငံမှာ ရောက်ရှိနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ ဧပြီ ၂၄ ရက်က ကျင်းပတဲ့ (၈)ကြိမ်မြောက် မော်စကို နိုင်ငံတကာ လုံခြုံရေးဆိုင်ရာညီလာခံ မှာ တက်ရောက်မိန့်ခွန်းပြောသွားပါတယ်။
“အင်ဒို-ပစိဖိတ်ဒေသတွင်းစစ်ဘက်ပူးပေါင်း ဆောင်ရွက်မှုများနှင့် ဒေသတွင်းလုံခြုံရေး ဆိုင်ရာအလားအလာများ” ခေါင်းစဉ်နဲ့ ပါဝင်ဆွေးနွေးပြောကြားခဲ့တာလို့ ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပါတယ်။
ပထ၀ီနိုင်ငံရေးအရ အင်ဒို- ပစိဖိတ်ဒေသဟာ ကမ္ဘာလုံးဆိုင်ရာဖွံ့ဖြိုးတိုးတက်လာမှုနဲ့ အခွင့်အလမ်းတွေအတွက် အဓိကအချက်အချာနေရာဖြစ်ပေမယ့် တဖက်မှာ လုံခြုံရေးနဲ့ တည်ငြိမ်အေးချမ်း ရေးတို့ စိုးရိမ်ပူပန်မှုတွေရှိနေဆဲဖြစ်တယ်၊ ၂၁ ရာစုမှာ အင်ဒို-ပစိဖိတ်ဒေသကို တကမ္ဘာလုံးက အာရုံစိုက်မှုပိုမိုများပြားလာတယ်၊၊ အင်ဒို-ပစိဖိတ်ဒေသဟာ ကမ္ဘာ့စစ်အင်အားကြီးနိုင်ငံတွေ၊ စီးပွားရေးအင်အားကြီးနိုင်ငံတွေ ဒီမိုကရေစီထွန်းကားတဲ့ နိုင်ငံတွေနဲ့ တရုတ်၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန် အင်ဒိုနီးရှားကဲ့သို့သော လူဦးရေများပြားတဲ့ နိုင်ငံတွေတည်ရှိ နေတာကြောင့် ယနေ့နိုင်ငံတကာရေးရာမှာ အာရုံစိုက်ခံရဆုံးနဲ့ အရေးပါဆုံးသောဒေသအဖြစ် ရောက်ရှိနေတယ်လို့ ကာကွယ်ရေးဦးစီးချုပ်က ပြောပါတယ်။
အင်ဒို-ပစိဖိတ်ဒေသမှာ မြန်မာအပါအ၀င် အာဆီယံနိုင်ငံတွေဟာ ပထ၀ီအနေ အထားအရအရေးပါပြီး အဓိကကျသော ဒေသဖြစ်နေတယ်၊ ဒီအထဲမှာ မြန်မာနိုင်ငံဟာ အာဆီယံနဲ့ အရှေ့တောင်အာရှဒေသအကြား ပေါင်းကူးပေးနိုင်တဲ့ နေရာမှာ တည်ရှိပြီး မဟာဗျူဟာ အရ အချက်အခြာကျတဲ့ နိုင်ငံတစ်နိုင်ငံလည်းဖြစ်တယ်လို့လည်း ပြောသွားပါတယ်။
ဒါ့အပြင် အင်ဒို-ပစိဖိတ်ဒေသမှာ လူမှောင်ခိုကူးတာ၊ မူးယစ်ဆေးဝါး တရားမ၀င်ဖောက်ကားရောင်းဝယ်တာတွေကို နိုင်ငံဖြတ်ကျော် ရာဇ၀တ်မှုများ အဖြစ်တွေ့ရှိရတဲ့ အကြောင်းနဲ့ နယ်စပ်ဖြတ်ကျော်ရာဇ၀တ်မှုတွေ၊ ပင်လယ်ဓားပြမှုတွေနဲ့ အကြမ်းဖက်မှုတွေ အကြား ကြီးမားတဲ့ ဆက်နွယ်မှုတွေဟာ အင်ဒို - ပစိဖိတ်ဒေသမှာ ရှုပ်ထွေးတဲ့ သမားရိုးကျ မဟုတ်တဲ့ ခြိမ်းခြောက်မှုတွေကို ဖြစ်ပေါ်စေတယ်လို့လည်း ဗိုလ်ချုပ်မှူးကြီးက ပြောပါတယ်။
မော်စကိုနိုင်ငံတကာလုံခြုံရေးဆိုင်ရာညီလာခံမှာ ရုရှားနိုင်ငံကနေ Doctor of Science ဘွဲ့ရရှိထားတဲ့ ဒုဗိုလ်မှူးကြီး တင်ဘုန်းကျော်ကို Making Decisions in Air Traffic Control စာအုပ်ရေးသားပြုစုထုတ်ဝေခဲ့တဲ့အတွက် လေကြောင်း လုံခြုံရေးဆိုင်ရာ ကျွမ်းကျင်ပညာရှင် အဖြစ် ဖိတ်ကြားခဲ့သလို နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ ဗိုလ်မှူးကြီး မျိုးကျော်သူကိုလည်း “Color” Revolutions and “Hybrid” Warfare .. General and Spacifice Features ခေါင်းစဉ်အောက်မှာ ပါဝင်ဆွေးနွေးဖို့ ဖိတ်ကြားခံခဲ့ရလို့ ပါဝင်တက်ရောက် နေတယ်လို့ သိရပါတယ်။
ညီလာခံကို နိုင်ငံပေါင်း ၃၅ နိုင်ငံက တပ်မတော်အကြီးအကဲတွေ၊ ကာကွယ်ရေး ၀န်ကြီးတွေနဲ့ နိုင်ငံပေါင်း ၁၀၀ ကျော်က ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြတယ်လို့ တပ်မတော်ထုတ်ပြန်ချက်အရ သိရပါတယ်။
ဓာတ်ပုံ -CINCDS