မကွေးတိုင်း ရေနံလက်ယက်တွင်းတိမ်လုပ်ငန်းမှ ရန်ပုံငွေ ၁၂ ဘီလီယံကျော် ရရှိ
DVB
·
April 25, 2019
လက်ရှိအစိုးရ သက်တမ်းအတွင်း မကွေးတိုင်းဒေသကြီး ရေနံလက်ယက်တွင်းတိမ် လုပ်ငန်းကနေ တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၁၂ ဘီလီယံကျော် ကောက်ခံရရှိပြီလို့ သိရပါတယ်။
မကွေးတိုင်းဒေသကြီး သယံဇာတ သဘာဝပတ်ဝန်းကျင်နှင့် လျှပ်စစ်စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က "လက်ရှိ အစိုးရသက်တမ်းအတွင်း ရေနံသယ်ယူခွင့်မျှောစာ အပေါ်ကနေ ရေနံစိမ်း တပေပါကို ယခင်က ၃၀၀၀ ကျပ်ကနေ ၅၀၀၀ ကျပ်တိုးမြှင့်ကောက်ခံခဲ့ရာ တိုင်းဒေသကြီး ရန်ပုံငွေ ကျပ် ၁၂ ဘီလီယံကျော်ရရှိပြီဖြစ်တယ်။ ကွင်းဆင်းစစ်ဆေးတာတွေ လုပ်ရင်တော့ ဥပဒေနဲ့ မညီတာတွေ အကုန်ဖမ်းရမှာဖြစ်တယ်။ သယံဇာတဆိုတာက တနိုင်ငံလုံးက ပိုင်ဆိုင်တာဖြစ်ပြီး ပြည်ထောင်စုက အတိုင်းတာတခုထိ ခွင့်ပြုထားတာဖြစ်တယ်။ လုပ်တဲ့သူတွေ ကတော့ ကိုယ့်လောဘနဲ့ကိုယ်လုပ်ကိုင်ကြတာဖြစ်ပြီး ပြည်သူလူထုပိုင်တဲ့ဟာကို ကာကွယ်ရမယ်” လို့ ပြောပါတယ်။
ရေနံတွင်း လုပ်ငန်းရှင်တဦးဖြစ်တဲ့ ဦးအောင်ဝင်းတင်က “ထွက်ရှိလာတဲ့ ရေနံတွေကို တရားဝင် သယ်ဆောင်ခွင့်မျှောတွေနဲ့ ပြည်သူတွေ အဆင်ပြေအောင် လုပ်ဆောင်ပေးလို့ တိုင်းအစိုးရကို ကျေးဇူးတင်ပါတယ်။ အခွန်တွေမြောက်မြားစွာ ရရှိတယ်လို့ ကြားသိရပေမယ့် တိုင်းအစိုးရအနေနဲ့ အခွန်ထမ်းတဲ့ လုပ်ငန်းရှင်၊ ကျင်းတူးသားတွေကို နည်းပညာ ပံ့ပိုးမှုတွေ လုပ်ဆောင်ပေးသင့်တယ်" လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း အထက်မင်းလှ၊ မြိုင်၊ ပေါက် စတဲ့မြို့နယ် တွေမှာ အဓိက ရေနံအထွက်နှုန်းများပြားပြီး တရားဝင်လုပ်ကွက် ၃၁ ကွက်ရှိကာ ထွက်ရှိလာတဲ့ ရေနံစိမ်းတွေကို မုံရွာ၊ မန္တလေး၊ ကြံခင်း ရှိရေနံချက်ဖိုတွေကို တင်ပို့်ရောင်းချကြတာပါ။
သတင်း-မင်းထီး