Home
မြန်မာသတင်း
တင်ဒါခေါ်ရာတွင် လက်တလုံးခြားလုပ်မှုများကို ပြင်းပြင်းထန်ထန်အရေးယူမည်ဟု သမ္မတ ထပ်မံသတိပေး
DVB
·
April 25, 2019
သတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းနဲ့ မညီညွတ်တဲ့ တင်ဒါခေါ်ယူမှုတွေ၊ တင်ဒါ စည်းမျဉ်းအတွင်း လက်တလုံးခြား လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပြင်းပြင်းထန်ထန် အရေးယူသွားမယ်လို့ နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်က ထပ်မံသတိပေးပြောကြားလိုက်ပါတယ်။ ဧပြီ ၂၄ရက်မနက်က  နေပြည်တော် သမ္မတအိမ်တော်မှာ  ကျင်းပတဲ့ ဘဏ္ဍာရေးကော်မရှင် အစည်းအဝေးမှာ ပြောကြာသွားတာပါ။ တိုင်းဒေသကြီး/ပြည်နယ်အစိုးရတွေအနေနဲ့ ဖြည့်စွက်ခွင့်ပြုငွေတွေကို မိမိတို့ဒေသ အတွက် ဟန်ပြဖြစ်စေမယ့် လုပ်ငန်းမျိုးမဖြစ်စေဘဲ ဒေသခံပြည်သူတွေအတွက် အကျိုးရှိ ထိရောက်တဲ့လုပ်ငန်းတွေမှာ အသုံးပြုသွားကြဖို့၊ ဆောင်ရွက်မယ့် လုပ်ငန်းစီမံကိန်းတွေကို သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးစေဖို့နဲ့  အရည်အသွေး ပြည့်မီစေဖို့လည်း တိုင်းဒေသကြီး/ပြည်နယ်အစိုးရအဖွဲ့တွေက စစ်ဆေးကြပ်မတ်စီမံဆောင်ရွက်သွားကြဖို့လည်း သမ္မတက မှာကြားသွားပါတယ်။ ၂၀၁၈-၂၀၁၉ ခု ဘဏ္ဍာရေးနှစ်အတွက် ပြုပြင်ပြီး ခန့်မှန်းခြေစာရင်းအရ ရငွေ ငွေကျပ်၂၁၈၆၈ ဘီလီယံ၊ သုံးငွေ ငွေကျပ် ၂၇၁၈၈ ဘီလီယံ၊ ဂျီဒီပီ တန်ဖိုးငွေ ကျပ် ၁၀၅၇၂၆ ဘီလီယံ၊ အသားတင်လိုငွေ ငွေကျပ် ၅၃၂၀ ဘီလီယံ ဖြစ်ပြီး လိုငွေနဲ့  ဂျီဒီပီ အချိုးမှာ ၅ ဒသမ ၀၃ ရာခိုင်နှုန်း ဖြစ်တယ်လို့ ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌ ဒုသမ္မတ ဦးမြင့်ဆွေက အစည်းအဝေးမှာ တင်ပြသွားပါတယ်။ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေ ပိုမိုအကျိုးရှိ ထိရောက်စွာ လုပ်ဆောင်နိုင်ရန်အတွက် တိုင်းဒေသကြီး/ပြည်နယ်တွေအတွက် ထပ်မံထောက်ပံ့ငွေကိုသာ အတည်ပြုမှာဖြစ်ပြီး ပြည်ထောင်စုအဆင့် ဌာန/ အဖွဲ့အစည်းတွေရဲ့ ဖြည့်စွက် ခွင့်ပြုငွေတောင်းခံမှုတွေအပေါ် ပြင်ဆင်ပြောင်းလဲဖို့ မရှိဘူးလို့လည်း ဒုသမ္မတက ပြောသွားပါတယ်။ တိုင်းဒေသကြီး/ပြည်နယ်တွေရဲ့ ၂၀၁၈-၂၀၁၉ ခု၊ ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ဖြည့်စွက်ခွင့်ပြုငွေဟာ ငွေကျပ် ၁၆၁ ဘီလီယံဖြစ်ပြီး ပြုပြင်ပြီး ခန့်မှန်းခြေ ငွေစာရင်းအရ ပြည်ထောင်စုမှ တိုင်းဒေသကြီး/ပြည်နယ်တွေကို ထောက်ပံ့ရမယ့် ငွေဟော ငွေကျပ် ၇၉ ဘီလီယံရှိမှာဖြစ်လို့  အဆိုပါငွေရပ်အား ဘဏ္ဍာရေးကော်မရှင် မှ သုံးသပ်အတည်ပြုပေးနိုင်ဖို့ ဒုသမ္မတ ဦးဟင်နရီဗန်ထီးယူက တင်ပြတောင်းခံသွားပါတယ်။ ဒီအစည်းအဝေးကို ဘဏ္ဍာရေးကော်မရှင် ဒုဥက္ကဋ္ဌတွေဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေနဲ့ ဦးဟင်နရီဗန်ထီးယူ၊ ဘဏ္ဍာရေးကော်မရှင် အတွင်းရေးမှူး ပြည်ထောင်စုဝန်ကြီး ဦးစိုးဝင်း၊ အဖွဲ့ဝင် ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ပြည်ထောင်စုစာရင်းစစ်ချုပ် ဦးမော်သန်း၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ တိုင်းနဲ့  ပြည်နယ်ဝန်ကြီးချုပ်တွေ တက်ရောက်ခဲ့ကြပါတယ်။ ဓာတ်ပုံ-သမ္မတရုံး
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024