ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင် မုန်တိုင်းငယ်ဖြစ်နိုင်ဟု မိုးဇလ ထုတ်ပြန်
DVB
·
April 24, 2019
ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်း တခုဖြစ်ပေါ်ပြီး အဲ့ဒီလေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ မိုးလေ၀သဌာန က သတင်းထုတ်ပြန်ပါတယ်။
ဧပြီ ၂၄ ရက် ညနေ ၄ နာရီအချိန်ထုတ်ပြန်ချက်အရ အီကွေတာအနီး အိန္ဒိယ သမုဒ္ဒရာနဲ့ဆက်စပ်နေတဲ့ ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းမှာ နောက် ၄၈ နာရီအတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု ဖြစ်ပေါ်နိုင်တယ်။
အဲ့ဒီလေဖိအားနည်း ရပ်ဝန်းဟာ ပိုမိုအားကောင်းလာပြီး မုန်တိုင်းငယ်အဖြစ် ရောက်ရှိ နိုင်တယ်လို့ ခန့်မှန်းထုတ်ပြန်ထားတာပါ။
မိုးလေ၀သပညာရှင်ဦးထွန်းလွင်ကလည်း ဧပြီ ၂၂ ရက်ကနေ ၂၈ ရက်အတွင်း ဘင်္ဂလား ပင်လယ်အော်တောင်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခု စတင်ဖြစ်ပေါ်လာနိုင်တယ်လို့ ခန့်မှန်း ထုတ်ပြန်ထားပါတယ်။
လေဖိအားနည်းရပ်ဝန်းဟာ မုန်တိုင်းအဖြစ် ရောက်ရှိလာနိုင်ပြီး အရှေ့မြောက်ဖက် ကို ဦးတည်ရွေ့လျှားနိုင်တယ်။ အဲ့ဒီနောက် မုန်တိုင်းငယ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို ချဉ်းကပ်လာနိုင်တယ်လို့ ခန့်မှန်းဖော်ပြထားပါတယ်။
မေလဆန်းရင်တော့ မြန်မာတပြည်လုံးမှာ မိုးရရှိနိုင်ပြီး အပူရှိန်မြင့်တက်မှုတွေလည်း လျော့နည်း ကျဆင်း သွားနိုင်တယ်လို့လည်း ဦးထွန်းလွင်က သူ့ရဲ့ လူမှုကွန်ရက်မှာ ရေးသားဖော်ပြထားပါတယ်။