မြန်မာကို ဘတ်သန်း ၄၀၀၀ ချေးခဲ့မှုဖြင့် ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ထောင်ဒဏ် ၃ နှစ် ထပ်ချခံရ

7.1K
မြန်မာနိုင်ငံကို ထိုင်းဘတ်ငွေ သန်းပေါင်း ၄၀၀၀ ငွေချေးခဲ့တဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နာဝပ်ကို ထိုင်းနိုင်ငံ ဗဟိုတရားရုံးချုပ်က ဧပြီ ၂၃ ရက်မှာ ထောင်ဒဏ် ၃ နှစ်ထပ်မံ ချမှတ်လိုက်ပါတယ်။
အာဏာအလွဲသုံးစားမှု၊ အဂတိလိုက်စားမှုတွေနဲ့ အပြစ်ပေးခံရပြီး ပြည်ပကိုထွက်ပြေး တိမ်းရှောင်နေတဲ့ ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ လွန်ခဲ့တဲ့ ဆယ်နှစ်ကျော်က မြန်မာနိုင်ငံကို ငွေချေးခဲ့တဲ့ကိစ္စနဲ့ ပတ်သက်ပြီး ကိုယ်ကျိုး စီးပွားအတွက် အာဏာကို အလွဲသုံးစားပြုခဲ့ကြောင်း ပြစ်မှုထင်ရှားတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခဲ့တာပါ။
မစ္စတာသက်ဆင် ၀န်ကြီးချုပ်ဖြစ်စဉ်က မြန်မာနိုင်ငံကို ဘတ်သန်း ၄၀၀၀ ငွေချေး ခဲ့ရာမှာ အတိုးငွေကို ၃ ရာခိုင်နှုန်းနဲ့သာ အလွန်ချိုသာစွာယူခဲ့ကြောင်း၊ အဆိုပါငွေချေးမှု အတွက် တဖက်ကလည်း မြန်မာနိုင်ငံ လက်ကိုင်ဖုန်းဆက်သွယ်ရေးနဲ့ စလောင်းဖုန်းတွေအတွက် ရှင်နာ ၀ပ်မျိုးနွယ်က စပ်တူရှယ်ယာ ၀င်ထားတဲ့ Shin Satellite ကုမ္ပဏီထံကသာ ၀ယ်ယူဖို့ သဘော တူချက်ပြုခဲ့ကြောင်း၊ ဒီကိစ္စမှာ ထိုင်းဘဏ္ဍာရေးဝန်ကြီးဌာနအတွက် ဘတ်ငွေ ၁၈၉၁၂၅၀၀၀ ကျော်နစ်နာဆုံးရှုံးစေတယ်လို့ ဆိုပါတယ်။
တရားစီရင်စဉ် ၀န်ကြီးချုပ်ဟောင်းသက်ဆင်ရှင်နာဝပ် ပြည်ပကို တိမ်းရှောင်နေတဲ့အတွက် မျက်ကွယ် အမိန့်ချမှတ်ခဲ့တာဖြစ်ပြီး ဖမ်းဝရမ်းလည်းထုတ်ခဲ့ပါတယ်။
ဒီအမှုဟာ ဆယ်နှစ်ကျော်ကြာခဲ့ပေမယ့် စုံစမ်းစစ်ဆေးမှုပြုနေတာကြောင့် မနေ့ကမှ အပြီးသတ် တရားစီရင်ခဲ့တာ ဖြစ်ပါတယ်။
ဓာတ်ပုံ- MGR Online