အိန္ဒိယရွေးကောက်ပွဲ တတိယအဆင့် ကျင်းပ၊ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ မဲပေး
အိန္ဒိယ အထွေထွေရွေးကောက်ပွဲ တတိယအဆင့် ကျင်းပနေချိန် ဧပြီ ၂၃ ရက်နေ့က ဝန်ကြီးချုပ် နရင်ဒြာမိုဒီဟာ သူ့ရဲ့ဇာတိမြေ ဂူဂျာရတ်ပြည်နယ်မှာ ဆန္ဒမဲပေးခဲ့ပါတယ်။
ဆန္ဒမဲပေးပြီးနောက်မှာ ဝန်ကြီးချုပ် မိုဒီက ဆန္ဒမဲပေးခွင့် သက်သေခံကတ်ပြားဟာ ဒီမိုကရေစီရဲ့ လက်နက်ဖြစ်ပြီး အကြမ်းဖက်ဝါဒကို တိုက်ခိုက်ဖို့လိုတယ်လို့ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။
တတိယအဆင့် ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးခွင့်ရှိသူ ၁၈၈ သန်းရှိပြီး ပြည်နယ်နဲ့ ပြည်ထောင်စုနယ်မြေ ၁၅ ခုက မဲဆန္ဒနယ် ၁၁၇ ခုမှာ မဲပေးကြပါတယ်။
မွန်းလွဲ ၁၂ နာရီ အချိန်အထိ မဲပေးခွင့်ရှိသူတွေရဲ့ ၂၄ ရာခိုင်နှုန်းနီးပါး လာရောက် မဲပေးခဲ့တယ်လို့ ရွေးကောက်ပွဲ ကော်မရှင်က ပြောပါတယ်။
အိန္ဒိယ အထွေထွေရွေးကောက်ပွဲမှာ အဆင့် ၇ ဆင့်ရှိပြီး ဧပြီ ၁၁ ရက်နေ့က စတင်ကာ မေလ ၁၉ ရက်နေ့မှာ ပြီးဆုံးမယ်လို့ သိရပါတယ်။