သီရိလင်္ကာသို့ ခရီးမသွားရန် အမေရိကန်နှင့် တရုတ်နိုင်ငံသားများအား သတိပေး

ဓာတ်ပုံ - AFP
သီရိလင်္ကာနိုင်ငံတဝန်းက ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ ဇိမ်ခံဟိုတယ်ကြီးတွေမှာ ဗုံးတွေ ဆက်တိုက်ပေါက်ကွဲပြီး နောက်ထပ် ဗုံးတွေ ထပ်တွေ့ခဲ့အပြီးမှာ သီရိလင်္ကာနိုင်ငံဆီ ခရီးမသွားကြဖို့ အမေရိကန်နဲ့ တရုတ်အစိုးရတို့က သူတို့နိုင်ငံသားတွေကို ဧပြီ ၂၃ ရက်မှာ သတိပေးလိုက်ပါတယ်။ ကြီးမားတဲ့ လုံခြုံရေး ဘေးအန္တရာယ် အမြင်ကြောင့် တကယ်လို့ နိုင်ငံသားတွေ သီရိလင်္ကာကို သွားခဲ့ရင် သံရုံးက ထိရောက်တဲ့ အကူအညီတွေပေးဖို့ ခက်လိမ့်မယ်လို့လည်း တရုတ်သံရုံးက သူ့အင်တာနက် စာမျက်နှာပေါ်မှာ အင်္ဂါနေ့က ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ သီရိလင်္ကာမှာ လူအယောက် ၃၂၀ ကျော် သေဆုံးခဲ့တဲ့ အီစတာပွဲတော် တိုက်ခိုက်မှုတွေအပြီး နောက်ထပ် တိုက်ခိုက်ဖို့ အကြမ်းဖက်အုပ်စုတွေက ဆက်ပြီး လျှို့ဝှက် စီစဉ်နေတယ်လို့ အမေရိကန် အစိုးရက သတိပေးလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံဆီ ခရီးသွားမှု သတိပေးချက်ထဲမှာ အကြမ်းဖက်သမားတွေဟာ သတိမပေးဘဲ ဒါမှမဟုတ် နည်းနည်းသတိပေးပြီး တိုက်ခိုက်ကောင်း တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။ ပစ်မှတ်တွေထဲမှာ ဝတ်ပြုဆုတောင်းတဲ့ နေရာတွေ၊ ကမ္ဘာလှည့် ခရီးသွားတွေ လည်ပတ်နေကျ နေရာတွေ၊ သယ်ယူပို့ဆောင်ရေး အချက်အခြာနေရာတွေ၊ ဟိုတယ်တွေ၊ ဈေးတန်းတွေ၊ လေဆိပ်တွေနဲ့ တခြား အများပြည်သူနဲ့ဆိုင်တဲ့ နေရာတွေ ပါတယ်လို့ အမေရိကန် အစိုးရ ကြေညာချက်ကို ကိုးကားပြီး တိုင်းမ်သတင်းဌာနက အစီရင်ခံပါတယ်။ သီရိလင်္ကာနိုင်ငံထဲမှာ ခရီးသွားနေဆဲ ပြည်သူတွေအနေနဲ့လည်း သတိပိုထားဖို့နဲ့ အရေးပေါ် အခြေအနေအတွက် အစီအစဉ် ကြိုဆွဲဖို့၊ နောက်ဆုံးရ သတင်းတွေအတွက် ဒေသခံ မီဒီယာကို စောင့်ကြည့်ဖို့လည်း အကြံပြုခဲ့ပါတယ်။ သီရိလင်္ကာ အီစတာတိုက်ခိုက်မှုဟာ မတ်လက နယူးဇီလန်နိုင်ငံ ခရိုက်ချာ့ခ်ျဗလီ ပစ်ခတ်မှုကို လက်တုံ့ပြန် လက်စားချေတဲ့လုပ်ရပ်လို့ သီရိလင်္ကာ ကာကွယ်ရေးဝန်ကြီးက ဧပြီ ၂၃ ရက်မှာ ပြောလိုက်ပေမယ့် သူ့စကားအတွက် သက်သေအထောက်အထားတော့ မပြခဲ့ပါဘူး။ ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး လူအယောက် ၄၀ ကို ဖမ်းထားပြီးပြီလို့ သီရိလင်္ကာရဲတပ်ဖွဲ့ ပြောခွင့်ရက ဆိုပါတယ်။ တိုက်ခိုက်မှုအတွက် သံသယရှိသူတွေကို ဖမ်းဆီးထိန်းသိမ်းဖို့ သီရိလင်္ကာသမ္မတက စစ်တပ်ကို လုပ်ပိုင်ခွင့်အာဏာ ပေးခဲ့တယ်လို့ အေပီသတင်းဌာနက ဧပြီ ၂၃ ရက်မှာ ထုတ်ပြန်ခဲ့ပါတယ်။ ဧပြီ ၂၂ ရက်နေ့မှာ အာဏာပိုင်တွေက ညမထွက်ရအမိန့်ကို ရုပ်သိမ်းခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗုံးခွဲတိုက်ခိုက်မှု စုံစမ်းရေးကာလအတွင်း အာဏာပိုင်တွေဟာ လုံခြုံရေးနဲ့ တခြားလုပ်ငန်းဆောင်တာတွေ ဆက်ဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တာကြောင့် ဧပြီ ၂၂ ရက်ညမှာ နိုင်ငံတွင်း အရေးပေါ်အခြေအနေကို ထုတ်ပြန်ထားပါတယ်။ သမ္မတ မိုင်သီရိပါလာ ဆီရီဆန်နာက ရှာဖွေဖမ်းဆီးခွင့် အပါအဝင် လုံခြုံရေး ဝန်ထမ်းတွေကို အထူးလုပ်ပိုင်ခွင့်တွေ ပေးတဲ့ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ ဒါ့အပြင် ဧပြီ ၂၃ ရက်နေ့မှာ နိုင်ငံတဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်ခဲ့တယ်လို့  အယ်လ်ဂျာဇီးရား သတင်းဌာနက ဖော်ပြပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up