ရန်ပုံငွေများပြန်မပေးသဖြင့် ဧရာဝတီတိုင်းအစိုးရဟောင်း၏ ဖောင်ဒေးရှင်းကို တရားစွဲမည်
သော်ဇင်မျိုး
·
April 24, 2019
လွှဲပြောင်းပေးဖို့ ကျန်ရှိနေသေးတဲ့ ရန်ပုံငွေတွေကို ပြန်မပေးအပ်တဲ့အတွက် ဧရာဝတီတိုင်းဒေသကြီး အစိုးရဟောင်းရဲ့ ဖောင်ဒေးရှင်းကို တရားစွဲတော့မယ်လို့ လက်ရှိတိုင်းအစိုးရက သတိပေးပြောကြားလိုက်ပါတယ်။
တိုင်းရန်ပုံငွေတွေကို အရင်ဧရာဝတီတိုင်းအစိုးရက အစိုးရသစ်ကို မလွှဲခဲ့ဘဲ ဝန်ကြီးချုပ်ဟောင်း ဦးသိန်းအောင် နာယက အဖြစ်ပါဝင်ပြီး တိုင်းအစိုးရဟောင်းဝန်ကြီးတွေ ဦးဆောင်တဲ့ ဧရာဝတီ ပညာ ကျန်းမာ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်းကို လွှဲခဲ့တာပါ။
ဒေသဖွံဖြိုးရေးရန်ပုံငွေ ၅.၂ ဘီလီယံထဲက ၃.၄ ဘီလီယံကို ပြန်လည်ရရှိပြီဖြစ်ပေမယ့် ကျန်ငွေ ၁.၈ ဘီလီယံလောက်ကို သတ်မှတ်ထားတဲ့အချိန်ကျော်လွန်တဲ့အထိ မရရှိတာကြောင့် ရန်ပုံငွေ လက်ခံထားတဲ့ ဖောင်ဒေးရှင်းကို တရားစွဲတော့မယ်လို့ ဧရာဝတီတိုင်းဒေသကြီး စီမံဘဏ္ဍာဝန်ကြီး ဦးဌေးဝင်းက မနေ့ကမီဒီယာတွေနဲ့ တွေ့ဆုံရှင်းလင်း ပြောကြားခဲ့တာပါ။
တရားစွဲဆိုဖို့ကိစ္စနဲ့ပတ်သက်လို့ကတော့ လက်ရှိမှာ တိုင်းဒေသကြီး ရှေ့နေချုပ်နဲ့ တိုင်ပင်နေတယ်လို့ ဝန်ကြီးကပြောပါတယ်။
လတ်တလောရရှိတဲ့ ငွေတွေကိုတော့ ဒေသတွင်းလိုအပ်တဲ့ လမ်းတံတားလုပ်ငန်းတွေမှာ အဓိကထားအသုံးပြုပြီး ဒေသဖွံ့ဖြိုးရေးတွေကိုလုပ်ဆောင်သွားမယ်လို့လည်း တိုင်းဒေသကြီး လျှပ်စစ်လမ်းပန်းဝန်ကြီး ဦးဝင်းဌေးကပြောပါတယ်။
အစိုးရဟောင်းက မလွှဲခဲ့တဲ့ ရန်ပုံငွေကိစ္စကို ၂၀၁၆ ဇူလိုင် ၁ရက်မှာကျင်းပတဲ့ ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်အစည်းအဝေးမှာ ဖျာပုံမဲဆန္ဒနယ် အမှတ် ၁ က တိုင်းဒေသကြီးလွှတ်တော်အမတ် ဦးဇေယျာမင်းသိန်းက မေးခွန်းမေးမြန်းခဲ့တာပါ။
၂ နှစ်ကျော်အကြာ အောက်တိုဘာ ၁၅ ရက်မှာတော့ ဖောင်ဒေးရှင်းအနေနဲ့ ဘဏ်မှာ အပ်ထားတဲ့ငွေတွေကို အမြန်ဆုံးပေးဖို့ ကုမ္ပဏီတွေနဲ့ အကျိုးတူ ခေတ္တထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၃၀ အတွင်းပေးဖို့၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းတွေအတွက် ခေတ္တ ထုတ်ချေးထားတဲ့ ငွေတွေကို ရက်ပေါင်း ၆၀ အတွင်းပေးဖို့နဲ့ မလိုက်နာရင် ဥပဒေအတိုင်း အရေးယူသွားမယ်လို့ အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။
ဒါ့အပြင် နောက်ပိုင်းထပ်မံတွေ့ဆုံညှိနှိုင်းပြီး အချိန်ထပ်တိုးပေးခဲ့ပေမယ့် ဖောင်ဒေးရှင်းဘက်က ပြန်ပေးနိုင်ခြင်းမရှိတာပါ။
ကျန်ရှိတဲ့ငွေတွေအနေနဲ့ ဖောင်ဒေးရှင်းက ကုမ္ပဏီတွေကိုချေးထားတဲ့ငွေတွေနဲ့ ဒေသ ဖွံ့ဖြိုးရေးတွေကို ချေးထားတဲ့ငွေတွေဖြစ်တယ်လို့ ဝန်ကြီးဦးဌေးဝင်းကပြောပါတယ်။