နာမည်ကြီး စူပါဟီးရိုးရုပ်ရှင် Avengers: Endgame ဧပြီ ၂၆ ရုံတင်တော့မည် (နမူနာ)

1.9K
ဟောလိဝုဒ် နာမည်ကြီး စူပါဟီးရိုး ရုပ်ရှင်ကားတကားဖြစ်တဲ့ Avengers: Endgame ရုပ်ရှင်ကို လာမယ့် ဧပြီ ၂၆ ရက်နေ့ ရုံတင်ပြသတော့မှာ ဖြစ်ပါတယ်။
ဒီကားကိုတော့ ဟောလိဝုဒ်ရုပ်ရှင်လောကမှာ Russo ညီနောင်လို့ လူသိများတဲ့ ဒါရိုက်တာ ညီအစ်ကိုနှစ်ဦးဖြစ်တဲ့ Anthony Russo နဲ့ Joe Russo တို့က ရိုက်ကူးထားတာပါ။
Marvel Comics တွေကို ရုပ်ရှင်အဖြစ် အသက်သွင်း ပုံဖော်ရိုက်ကူးတဲ့ ဒီရုပ်ရှင်ကားဟာ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ The Avengers၊ ၂၀၁၅ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Age of Ultron၊ မနှစ်က ၂၀၁၈ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Avengers: Infinity War စတဲ့ ရုပ်ရှင်ကားတွေရဲ့ နောက်ဆက်တွဲ ဇာတ်လမ်းအနေနဲ့ ထွက်ရှိလာခဲ့တာဖြစ်ပြီး ဒီအပိုင်းဟာ ဒီရုပ်ရှင်ကားရဲ့ နောက်ဆုံး အဆုံးသတ်ဇာတ်ကားတကား ဖြစ်ပါတယ်။
ဒီဇာတ်ကားထဲမှာတော့ ဟောလိဝုဒ် နာမည်ကြီးသရုပ်ဆောင်တွေ အများကြီး ပါဝင်ထားကြပြီး ဟီးရိုးဇာတ်ကောင်တွေအဖြစ် သရုပ်ဆောင်ထားခဲ့ကြတာပါ။
Iron Man ဇာတ်ကောင်နေရာမှာတော့ မင်းသားကြီး Robert Downey Jr. က သရုပ်ဆောင်ထားပြီး မင်းသား Chris Hemsworth ကတော့ လူစွမ်းကောင်း Thor အဖြစ် ပါဝင်ထားပါတယ်။
မင်းသမီးချော Scarlett Johansson ကတော့ Black Widow ဇာတ်ကောင်နေရာကနေ ပါဝင်ထားခဲ့တာဖြစ်ပြီး Captain America အဖြစ် Chris Evans က ပါဝင်သရုပ်ဆောင်ထားခဲ့ကြပါတယ်။
သရုပ်ဆောင်မင်းသား Bradley Cooper ကတော့ Rocket အဖြစ် သရုပ်ဆောင်ထားပြီး နာမည်ကြီး ဗီလိန်ဇာတ်ကောင် Thanos နေရာမှာတော့ Josh Brolin က သရုပ်ဆောင်ထားခဲ့တာ ဖြစ်ပါတယ်။
ဒီကားထဲမှာ သိပ်မကြာခင်ကမှ ရုံတင်ပြသခဲ့တဲ့ Captain Marvel ရုပ်ရှင်ကားထဲက အမျိုးသမီး စူပါဟီးရိုးအနေနဲ့ သရုပ်ဆောင်မင်းသမီး Brie Larson ကလည်း ပါဝင်လာမှာ ဖြစ်ပါတယ်။
စွန့်စွန့်စားစား ဇာတ်ဝင်ခန်းတွေ၊ အထူးပြုလုပ်ချက်တွေနဲ့ ရှုစားကြရမယ့် ဒီရုပ်ရှင်ကားတွေဟာ အရင်ကလည်း အောင်မြင်ခဲ့တာမို့ ခုနောက်ဆုံးထွက်ရှိလာတဲ့ ရုပ်ရှင်ကားထဲမှာတော့ ဘယ်လိုအဆုံးသတ်တွေနဲ့ ဖန်တီးထားမလဲ ဆိုတာကလည်း စိတ်ဝင်စားစရာပါပဲ။
ကြာမြင့်ချိန် ၁၈၁ မိနစ်ရှိတဲ့ ဒီကားထဲမှာ ပါဝင်တဲ့ ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေ၊ ဇာတ်ဝင်ခန်း မြင်ကွင်းတွေ၊ ပြောစကား ဒိုင်ယာလော့ခ်တွေက အသက် ၁၃ နှစ်အောက် ကလေးငယ်တွေ ကြည့်ရှုဖို့ မသင့်တော်တာမို့ ဒီကားကို ကြည့်မယ်ဆိုရင်တော့ မိဘအုပ်ထိန်းသူ ခွင့်ပြုချက်နဲ့မှ ကြည့်ရှုသင့်တဲ့ PG-13 အဆင့် သတ်မှတ်ထားပါတယ်။
ရုံတင်ခဲ့ပြီးဖြစ်တဲ့ ဒီရုပ်ရှင် Series တွေဟာ Box Office မှာ ရုံပြည့်ရုံလျှံ ပရိသတ်အားပေးမှုတွေ ရရှိခဲ့တဲ့ကားတွေ ဖြစ်တာမို့ အခုပြသမယ့် ရုပ်ရှင်ကရော ပရိသတ်အားပေးမှု ဘယ်လောက်ရှိမလဲ ဆိုတာကိုတော့ မကြာခင် စောင့်မျှော် ကြည့်ရှုကြရတော့မှာ ဖြစ်ပါတယ်။
လတ်တလောမှာတော့ ဒီရုပ်ရှင်ကား နမူနာဟာ ယူကျု အင်တာနက်စာမျက်နှာပေါ်မှာ ဝင်ရောက်ကြည့်ရှုကြတဲ့ အကြိမ်ရေ ၉၅ သန်းနီးပါး ရှိနေခဲ့တာ ဖြစ်ပါတယ်။