အီရန်သမ္မတနှင့် ပါကစ္စတန်ဝန်ကြီးချုပ် တွေ့ဆုံ၊ ဒေသတွင်းအရေးကိစ္စ ဆွေးနွေး

ပါကစ္စတန်ဝန်ကြီးချုပ် အမ်ရမ်ခန်းဟာ အီရန်သမ္မတ ဟတ်ဆန်ရောင်ဟာနီနဲ့ အီရန်မြို့တော် တီဟီရန်မှာ ဧပြီ ၂၂ ရက်က တွေ့ဆုံပါတယ်။
သူဟာ လုံခြုံရေးနဲ့ ဒေသတွင်း အရေးကိစ္စတွေကို ဆွေးနွေးဖို့ အီရန်နိုင်ငံကို ၂ ရက်တာ အလည်အပတ် ရောက်နေတာပါ။
ပါကစ္စတန်နိုင်ငံ ဘာလူချီစတန်ခရိုင်မှာ သတ်ဖြတ်မှုရဲ့ နောက်ကွယ်က စစ်သွေးကြွတွေကို အရေးယူဖို့ ပါကစ္စတန် အစိုးရက အီရန်အစိုးရကို တိုက်တွန်းအပြီး ရက်ပိုင်းအတွင်း သွားရောက် လည်ပတ်ခဲ့တာလည်း ဖြစ်ပါတယ်။
ခန်းကို အီရန်သမ္မတနန်းတော်က ကြိုဆိုရေး အခမ်းအနားနဲ့ ဧည့်ခံ ကြိုဆိုပါတယ်။ ခန်းဟာ အီရန် ဘာသာရေးခေါင်းဆောင် အယာတိုလာ အလီ ခါမေနီနဲ့ တီဟီရန်မြို့မှာ တွေ့ဖို့လည်း မျှော်လင့်ထားပါတယ်။
အစည်းအဝေးအတွင်း အပြန်အလှန် ဆက်ဆံရေး၊ နယ်စပ်လုံခြုံရေး၊ အကြမ်းဖက်မှု တိုက်ဖျက်ရေးနဲ့ ဒေသတွင်းအရေးတွေကို အာရုံစိုက်သွားမယ်လို့ အီရန်အစိုးရရုပ်သံက ပြောပါတယ်။
အီရန်နဲ့ ပါကစ္စတန် ၂ နိုင်ငံကြား ဆက်ဆံရေးဟာ လတ်တလောလတွေအတွင်း မပြေမလည် ဖြစ်ခဲ့တာပါ။
နယ်စပ်တလွှားမှာ ခိုလှုံနေတဲ့ စစ်သွေးကြွတွေကို မောင်းထုတ်ဖို့ လုံလောက်အောင် အားမထုတ်ဘူးလို့ နှစ်ဖက်စလုံးက အပြန်အလှန် အပြစ်တင်နေကြပါတယ်။