ဆူဒန် စစ်ကောင်စီက အရပ်သားအစိုးရ အမြန်ဆုံးဖွဲ့စည်းပေးရန် ရည်ရွယ်ဟု ကတိပြု
ဆူဒန် စစ်ဘက်အုပ်ချုပ်သူတွေက သူတို့ဟာ အရပ်သားအစိုးရ အမြန်ဆုံးဖွဲ့စည်းပေးဖို့ ရည်ရွယ်တယ်လို့ ဧပြီ ၂၂ ရက်နေ့က ကတိပြု ပြောကြားလိုက်ပါတယ်။
အသွင်ကူးပြောင်းရေး စစ်ဘက်ကောင်စီ ပြောခွင့်ရပုဂ္ဂိုလ်က နိုင်ငံရေးအဖွဲ့တွေနဲ့ အရပ်ဘက်အဖွဲ့တွေအကြား ဆွေးနွေးပွဲတွေ ဆက်လုပ်နေတယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။
ဆန္ဒပြသူတွေနဲ့ စစ်ဘက်အုပ်ချုပ်သူတွေအကြား ဆွေးနွေးပွဲတွေ ပျက်ပြားပြီးနောက် တင်းမာမှုတွေ မြင့်တက်နေချိန် အခုထုတ်ပြန်ချက် ပေါ်ထွက်လာတာပါ။
စစ်ဘက်အုပ်ချုပ်သူတွေက ထိုင်သပိတ်ကြောင့် လမ်းပိတ်ဆို့နေတာကို ပြန်ဖွင့်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။
အဲဒီလိုပဲ ဧပြီ ၆ ရက်နေ့ကစပြီး စစ်ဘက်ဌာနချုပ်ရှေ့မှာ စုဝေးနေကြတဲ့ ဆန္ဒပြသူတွေကလည်း အရပ်သားအစိုးရကို အမြန်ဆုံး အာဏာလွှဲပေးဖို့ တောင်းဆိုနေပါတယ်။
သမ္မတ အယ်လ်ဘာရှားကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ ဧပြီ ၁၁ ရက်နေ့ကစလို့ စစ်ဘက်ကောင်စီက ဆူဒန်နိုင်ငံကို အုပ်ချုပ်နေတာ ဖြစ်ပါတယ်။