A d v e r t i s e m e n t With Us

မွန်ပြည်နယ် စသုံးလုံး ညွှန်မှူးအိမ် ဖောက်ထွင်းသူ ဖမ်းဆီးရမိ

မွန်ပြည်နယ် အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဇော်ဝင်းရဲ့နေအိမ်ကို ဖောက်ထွင်းခဲ့တဲ့ ရဲမင်းပိုင်ကို ဖမ်းဆီးရမိသွားပြီ ဖြစ်တယ်လို့ မုပွန်နယ်မြေရဲစခန်းမှူး ဒုရဲမှူး သန့်ဇင်က ဒီဗွီဘီကို ပြောပါတယ်။ ဧပြီ ၂၁ ရက်က သံဖြူဇရပ်မြို့မှာ သက်ဆိုင်ရာ ရဲတပ်ဖွဲ့တွေက ရဲမင်းပိုင်ကို  ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး ဖမ်းဆီးစဉ် ငွေကျပ် ၈ သိန်းနဲ့ ဖုန်းတစ်လုံးကိုပါ သိမ်ဆည်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီဖောက်ထွင်းမှုမှာ ရဲမင်းပိုင်နဲ့အတူ တခြားအပေါင်းအဖော် ၂ဦးလည်း ပါဝင်တယ်လို့ ထွက်ဆိုတဲ့ အတွက်ကြောင့် ကွင်းဆက်တရားခံတွေကိုပါ ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့က ကြိုးပမ်းနေ ပါတယ်။ ဖောက်ထွင်းသူ ရဲမင်းပိုင်ဟာ ပြီးခဲ့တဲ့ ဧပြီ ၁၅ ရက်က  မော်လမြိုင်၊ မောင်ငံရပ်ကွက်၊ တောင်ရိုးတန်းလမ်းရှိ စသုံးလုံး ညွှန်မှူးရဲ့နေအိမ်ကို ဖောက်ထွင်းခဲ့ပြီး ရွှေထည်အပါအဝင် ငွေစက္ကူ ကျပ် သိန်း ၈၀နဲ့ Samsung Galaxy Note 9 အမျိုးစား လက်ကိုင်ဖုန်း တလုံး၊ စုစုပေါင်း တန်ဖိုးငွေကျပ်သိန်း ၄၇၀ ကျပ်ခန့် ယူဆောင်သွားတာပါ။ ဖောက်ထွင်းသူဟာ နေအိမ်ဖောက်ထွင်းစဉ် CCTV ကင်မရာကို နေအိမ်ရဲ့ ကိုက် ၃၀၀ အကွာအမှာ စွန့်ပစ်သွားခဲ့တယ်လို့လည်းဆိုပါတယ်။ ဖောက်ထွင်းသူ ရဲမင်းပိုင်ကို ဧပြီ ပထမအပတ်က မော်လမြိုင်၊ ခြောက်မိုင်ကျေးရွာရဲ့ နေအိမ်တလုံးကိုဝင်ရောက် ဖောက်ထွင်းထားတဲ့ CCTV မှတ်တမ်းအရ စုံစမ်းသိရှိရပြီး သူနေထိုင်ရာ မော်လမြိုင် မုပွန်ရပ်ကွက်၊ ကျောက်တန်းလမ်းရှိ နေအိမ်အား သွားရောက် ရှာဖွေရာမှာ WAVE I အမျိုးအစား ဆိုင်ကယ်နဲ့ ထွက်ပြေး တိမ်းရှောင်သွားတာပါ။ ဒါကြောင့် သူရဲ့ နေအိမ်ကို ဝင်ရောက် ရှာဖွေရာမှာ ဇနီးဖြစ်သူ မဇာဇာအောင်(ခ) မလိမ္မာထံက ရွှေထည် ပစ္စည်းတွေနဲ့ ငွေသားတွေကိုလည်း ပြန်လည် သိမ်းဆည်းနိုင်ခဲ့ပါတယ်။ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး  မဇာဇာအောင် အပါအဝင် လှနိုင်နဲ့ အိအိစံကို စစ်ဆေးနေပြီး ရဲမင်းပိုင်ကိုတော့ နေအိမ်ဖောက်ထွင်းမှု ရာဇသတ်ကြီး ဥပဒေပုဒ်မ ၄၅၄ အရ မော်လမြိုင် မုပွန်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

A d v e r t i s e m e n t With Us

More News
Up