Home
မြန်မာသတင်း
ကာလုံဖျက်သိမ်းရန်နှင့် ၀န်ကြီး ၃ပါးကို ကာချုပ်ကခန့်အပ်မှုပြင်ဆင်ရန် ရခိုင်အမျိုးသားပါတီ အဆိုပြု  
နေဖြိုးဝင်း
·
April 23, 2019
အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို ဖျက်သိမ်းဖို့ ရခိုင်အမျိုးသားပါတီက ဖွဲ့စည်းပုံအခြေခံဥပဒေ ပြင်ဆင်ချက်အဆို တင်သွင်းလိုက်ပါတယ်။ နေပြည်တော်လွှတ်တော်ဝန်းအတွင်းရှိ ပြည်ထောင်စုလွှတ်တော် ဒုတိယထပ် အစည်းဝေးခန်းမမှာ ဧပြီ ၂၂ ရက်က ဖွဲ့စည်းပုံပြင်ဆင်ရေး ပူးပေါင်းကော်မတီ အစည်းအဝေးကို ပြန်လည် စတင်ကျင်းပရာမှာ တင်သွင်းလိုက်တာပါ။ အစည်းအဝေးမှာ နိုင်ငံရေးပါတီအသီးသီးက ဖွဲ့စည်းပုံနဲ့ပတ်သက်ပြီး ပြင်ဆင်ချက် အမျိုးမျိုး တင်ကြသလို ရခိုင်အမျိုးသားပါတီကတော့ ပုဒ်မ ၂၀၁ အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ ဖွဲ့စည်းတာကို ဖျက်သိမ်းဖို့ ပြင်ဆင်ချက်အဆို တင်သွင်းခဲ့ပါတယ်။ ရခိုင်အမျိုးသားပါတီက ဦးအောင် ကျော်ဇံက "ဖျက်သိမ်းခိုင်းတဲ့အကြောင်းကတော့ သမ္မတကို ဒီပါဝါပေးတယ်။ လုံခြုံရေးကိစ္စ၊ ကာကွယ်ရေးကိစ္စတွေ ညှိနှိုင်းစရာရှိရင် သမ္မတကနေ ကြီးကြပ်ပြီး ကျန်တဲ့ အဖွဲ့အစည်း တွေနဲ့ညှိပြီး၊ ကာလုံရယ်လို့သက်သက်မရှိတော့ဘူး ဒီသဘောပဲ။ သမ္မတက နိုင်ငံတော်ရဲ့ အထွဋ်အထိပ်ပဲ။ သူနဲ့ သူတို့ အသိုင်းအ၀ိုင်းကဆုံးဖြတ်ရမယ့်ကိစ္စကို Only ကာလုံ၊ ကာလုံတခုတည်း၊ တဖွဲ့တည်းကို ပေးထားလို့ မကောင်းဘူး။ ပါတာတော့ အကုန်ပါတယ်။ သို့သော်လည်း Full Power ဘာခေါ်မလည်း Supreme Power ကို သူတယောက်ထဲကို ပေးတာ။ သမ္မတသဘောနဲ့ ညှိနှိုင်းပြီး လုပ်ပေါ့။ တချို့ကလည်းကာလုံထဲမှာ တိုင်းရင်းသား ၀န်ကြီးတွေထည့်ရမယ် ဒါမျိုး ကိုယ့်စိတ်ကြိုက်ထည့်တာတော့ရှိတယ် " ပြောပါတယ်။ ဒါ့အပြင် ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးနဲ့ နယ်စပ်ရေးရာ ၀န်ကြီးဌာန ၀န်ကြီးတွေကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် အဆိုပြုတဲ့ သုံးဦးကို ခန့်အပ်တာ အစား သမ္မတကပဲ ၀န်ကြီးတွေ ခန့်အပ်ပြီး အစိုးရအဖွဲ့ အောက်မှာထားဖို့ ရခိုင်အမျိုးသားပါတီက  ပြင်ဆင်ချက် အဆိုတင်ထားတယ်လို့လည်း ဆိုပါတယ်။ မနေ့ကအစည်းဝေးမှာ၂၀၀၈ ဖွဲ့စည်းအခြေခံဥပဒေရဲ့ အခန်း ၅ ဖြစ်တဲ့ အုပ်ချုပ်ရေးကဏ္ဍတွေကို ဆွေးနွေးကြတာဖြစ်ပြီး အခန်း ၅ ပါ ပုဒ်မ ၂၃၅ ထိ ပြီးစီးခဲ့ပြီး ပြင်ဆင်ချက်တွေ၊ အကြံပြုချက်တွေ တော်တော်များများ တင်ကြတယ်လို့ အန်အယ်လ်ဒီပါတီက ဦးအောင်ကြည်ညွန့်က မီဒီယာတွေကို ပြောပါတယ်။ "ဒီနေ့ အခန်း ၅ က ပုဒ်မ ၁၉၉ ကစတာလေ။ တကယ်တန်း ပြင်ဆင်ချက်တွေက ပုဒ်မ ၂၀၀ ကစတယ်။ ပုဒ်မ ၁၉၉ ကပြင် ဆင်ချက်မရှိဘူး။ အခုပြီးသွားတာ ပုဒ်မ ၂၃၅ ထိပြီးသွားတာ။ မနက်ဖြန်ဆက်မယ်။ အကြံပြုချက်တွေ၊ ပြင်ဆင်ချက်တွေကတော့ အများကြီးပဲပေါ့ တင်ကြတာ တွေရှိတယ်။ တော်တော်များများလည်း တင်ကြတယ်။ နိုင်ငံရေးပါတီအသီးသီးအနေနဲ့ ပေါ့ " လို့ ဆိုပါတယ်။ ဖွဲ့စည်းပုံပြင်ဆင်ရေးအစည်းအဝေးတွေကို ဧပြီ ၂၃ ရက်နေ့မှာလည်း ဆက်လက်ပြုလုပ်သွားမှာ ဖြစ်ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024