ယူကရိန်း သမ္မတရွေးကောက်ပွဲတွင် လူရွှင်တော်ဟောင်း ဇေလန်စကီ အနိုင်ရ

ဓာတ်ပုံ - Reuters
1.4K
ယူကရိန်းနိုင်ငံရဲ့ ဒုတိယအချီ သမ္မတရွေးကောက်ပွဲမှာ လူရွှင်တော်ဟောင်း ဗိုလိုဒီမီယာ ဇေလန်စကီက လက်ရှိသမ္မတ ပေထရို ပိုရိုရှန်ကိုကို အပြတ်အသတ် အနိုင်ရသွားတယ်လို့ နိုင်ငံလုံးဆိုင်ရာ မဲစာရင်းတွေက ဧပြီ ၂၁ ရက်မှာ ပြထားပါတယ်။
ဇေလန်စကီဟာ မဲအားလုံးရဲ့ ၇၃ ရာခိုင်နှုန်း ရခဲ့ပြီး ပိုရိုရှန်ကိုကတော့ မဲ ၂၅ ရာခိုင်နှုန်းသာ ရခဲ့တယ်လို့ မဲစာရင်းက ပြထားပါတယ်။
ပိုရိုရှန်ကိုကလည်း ရွေးကောက်ပွဲ ရှုံးနိမ့်တာကို ဝန်ခံခဲ့ပြီး လာမယ့်လမှာ သမ္မတရာထူးကနေ ဆင်းပေးမယ်လို့ ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။
ယူကရိန်းပြည်သူအများစုရဲ့ ဆုံးဖြတ်ချက်အတိုင်း လက်ခံပြီး သမ္မတရာထူးကနေ ဆင်းပေးမှာ ဖြစ်ပေမယ့် နိုင်ငံရေးကနေတော့ ထွက်သွားမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။
နိုင်ငံအရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသူပုန်တွေနဲ့ စစ်ဖြစ်နေတဲ့ ယူကရိန်းနိုင်ငံမှာ သမ္မတသစ်ဖြစ်လာဖို့ မဲတွေကို လွယ်လွယ်နိုင်ခဲ့တဲ့ ဇေလန်စကီဟာ နိုင်ငံရေး အတွေ့အကြုံ လုံးဝမရှိသလို နိုင်ငံအုပ်ချုပ်ဖို့ မူဝါဒ အသေးစိတ်လည်း နည်းနည်းသာရှိတယ်လို့ ရိုက်တာသတင်းဌာနက ဝေဖန်သုံးသပ်ထားပါတယ်။