Live
Home
မြန်မာသတင်း
မူဆယ်မြို့နယ်တွင် တပ်မတော်နှင့် ကေအိုင်အေတိုက်ပွဲဖြစ်
နော်နိုရင်း
·
April 22, 2019
ရှမ်းပြည်မြောက်ပိုင်း၊ မူဆယ်မြို့နယ်မှာ တပ်မတော်နဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ) တပ်တို့အကြား မနေ့က တိုက်ပွဲဖြစ်ပွားခဲ့ပါတယ်။ မူဆယ်မြို့နယ်ထဲက ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၃၆ နဲ့ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ ကေအိုင်အေပြောခွင့်ရသူ ဗိုလ်မှူးကြီးနော်ဘိုက ဒီဗွီဘီကို ပြောပါတယ်။ “တပ်မဟာ ၆ တပ်ရင်း ၃၆ ရဲ့ရှေ့တန်း တပ်ခွဲရုံးစိုက်တဲ့နေရာပေါ့နော်။ အဲဒီနေရာနားမှာ တပ်မတော်က တပ်မ ၉၉ အဖွဲ့တွေ တက်လာလို့ ခုခံတိုက်ပွဲဖြစ်တာဖြစ်ပါတယ်။ မြို့နယ် ဆိုရင်တော့ မူဆယ်မြို့နယ် အစွန်ဘက်မှာကျမှာပေါ့” တိုက်ပွဲဖြစ်ပွားတဲ့နေရာဟာ တပ်မတော်က အပစ်ရပ်ကြေညာထားတဲ့ စစ်တိုင်းဌာနချုပ် နယ်မြေ ၅ ခုထဲမှာ ပါဝင်တဲ့နေရာဖြစ်ပြီး မူဆယ်ခရိုင်အတွင်းမှာဆိုရင် တပ်မတော်က တဖက်သတ် အပစ်ရပ်ပြီးနောက်ပိုင်း ၃ ကြိမ်မြောက်ဖြစ်ပွားတဲ့ တိုက်ပွဲလို့လည်း ဗိုလ်မှူးကြီးနော်ဘိုက ပြောပါတယ်။ “ရှမ်းမြောက်ပိုင်းက ကျနော်တို့ ကေအိုင်အေနဲ့ဖြစ်တာကတော့ ၃ ကြိမ်မြောက်လောက် ဖြစ်မယ်ထင်တယ်။ တိုက်ပွဲကတော့ တပ်မတော် တပ်မ ၉၉ ဘက်က ထိုးစစ်ဆင်လာလို့ ကေအိုင်အေ တပ်စခန်းရှိတဲ့နေရာမှာ ထိုးစစ်ဆင်လာလို့ ခုခံတိုက်ပွဲဖြစ်တာဖြစ်ပါတယ်” တိုက်ပွဲကြောင့် နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေကိုတော့ မသိရသေးပါဘူး။ ဒီတိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းထွဋ်လေးကိုမေးမြန်းဖို့ အကြိမ်ကြိမ်ဆက်သွယ်ခဲ့ပေမယ့် ပြန်လည်ဖြေကြားခြင်းမရှိပါဘူး။ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ် (အန်စီအေ) မှာ ပါဝင်လက်မှတ်မထိုး ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ တဖွဲ့ချင်း ညှိနှိုင်းဆွေးနွေးနိုင်ဖို့အတွက် ၂၀၁၈ ခု ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၉ ဧပြီ ၃၀ ရက်အထိ ၄ လကျော်ကြာ စစ်ဆင်ရေးလှုပ်ရှားမှု ရပ်ဆိုင်းထားမှာဖြစ်ကြောင်း တပ်မတော်က ဒီဇင်ဘာလ ၂၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။ အခုဧပြီလကုန်ရင်တော့ တပ်မတော်ရဲ့ တဖက်သတ်အပစ်ရပ်ကာလကုန်ဆုံးပြီဖြစ်ပါတယ်။

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024