ဟောင်ကောင်ဖိတ်ခေါ်ဖလား မြန်မာ ယူ-၁၈ အသင်း ဗိုလ်စွဲ

ဓာတ်ပုံ - MFF
5.3K
ဟောင်ကောင်မှာကျင်းပတဲ့ Jockey Club International Youth Invitational Football Tournament 2019 ဖိတ်ခေါ်ဘောလုံးပြိုင်ပွဲမှာ မြန်မာယူ-၁၈ အသင်းက စင်ကာပူ ယူ-၁၈ အသင်းကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ချန်ပီယံဆုဖလား ရရှိသွားပါတယ်။
မြန်မာယူ-၁၈ အတွက် အဖွင့်ဂိုးကို ပထမပိုင်း ပွဲချိန် မိနစ် ၄၀ မှာ ဝေယံစိုးက သွင်းယူပေးခဲ့ပြီး ဒုတိယအနိုင်ဂိုးကိုတော့ ပွဲချိန် ၆၂ မိနစ်မှာ ပြည့်ဖြိုးအောင်က သွင်းယူပေးခဲ့တာပါ။
ဟောင်ကောင်ဖိတ်ခေါ်ပြိုင်ပွဲမှာ မြန်မာ၊ ဗီယက်နမ်၊ စင်ကာပူနဲ့ အိမ်ရှင် ဟောင်ဟောင်အသင်းတွေ ပတ်လည်ယှဉ်ပြိုင်ကစားကြတာဖြစ်ပြီး မြန်မာယူ-၁၈ အသင်းဟာ ဗီယက်နမ်နဲ့ ဂိုးမရှိသရေ၊ အိမ်ရှင် ဟောင်ကောင်အသင်းကို ၂ ဂိုး ဂိုးမရှိ၊ စင်ကာပူကို ၂ ဂိုး ၁ ဂိုးနဲ့ အနိုင်ရပြီး ဗိုလ်စွဲခဲ့တာ ဖြစ်ပါတယ်။
ဒီဖိတ်ခေါ်ပြိုင်ပွဲမှာ ယူ-၁၅ လူငယ်အသင်းတွေလည်း ဝင်ရောက်ယှဉ်ပြိုင်နေပြီး မနေ့ပွဲစဉ်မှာ မြန်မာ ယူ-၁၅ အသင်းက မလေးရှား ယူ-၁၅ အသင်းကို ၆ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်သွားပါတယ်။
မြန်မာယူ-၁၅ အသင်းဟာ ဒီနေ့ မွန်းလွဲ ၁ နာရီမှာ စင်ကာပူယူ-၁၅ နဲ့ ဆက်လက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။