A d v e r t i s e m e n t With Us

သီရိလင်္ကာတွင် ဗုံးခွဲတိုက်ခိုက်ခံရမှုကြောင့် သေဆုံးသူ ၂၉ဝ ထိရှိ၊ ၅ဝဝ ထက်မနည်း ဒဏ်ရာရ

ဓာတ်ပုံ - Reuters
သီရိလင်္ကာနိုင်ငံ မြို့တော် ကိုလံဘိုမှာ ခရစ်ယာန်ဘုရားကျောင်း ၃ ကျောင်းနဲ့ ဟိုတယ် ၄ ခုကို ဧပြီ ၂၁ ရက်က ဗုံးခွဲမှုကြောင့် လူအယောက် ၂၉၀ သေဆုံးပြီး ၅၀၀ ထက်မနည်း ဒဏ်ရာရတယ်လို့ ရဲတပ်ဖွဲ့ပြောခွင့်ရက ဧပြီ ၂၂ ရက် မနက်မှာ အတည်ပြု ပြောပါတယ်။ ဒီအမှုနဲ့ပတ်သက်ပြီး သံသယရှိသူ ၁၃ ယောက်ကို ဖမ်းပြီးပြီလို့ ရဲတပ်ဖွဲ့ပြောခွင့်ရ ရုဝမ် ဂုနဆေကာရက တနင်္ဂနွေညမှာ ပြောခဲ့တဲ့အကြောင်း ဂါးဒီးယန်းသတင်းဌာနက ဖော်ပြပါတယ်။ ကိုလံဘိုမြို့ထဲနဲ့ မြို့ဝန်းကျင်က နေရာ ၂ ခုမှာ အမျိုးသား ၁၃ ယောက်ကို ဖမ်းခဲ့တယ်၊ သံသယရှိသူအားလုံးက အစွန်းရောက်အုပ်စု တစုတည်းက လူတွေပဲလို့ ရဲသတင်းရင်းမြစ်က AFP သတင်းဌာနကို ပြောပါတယ်။ ရဲတွေဟာ သံသယရှိသူတွေကို ကိုလံဘိုမြို့ထဲ ခေါ်လာခဲ့တဲ့ ဗန်ကားတစီးနဲ့ ကားမောင်းသူကို ဖမ်းခဲ့တယ်၊ တိုက်ခိုက်သူတွေသုံးခဲ့တဲ့ အိမ်တလုံးကိုလည်း စီးနင်းခဲ့တယ်လို့ ရဲက ကြေညာချက် ထုတ်ပြန်ပါတယ်။ တိုက်ခိုက်သူတွေကို လိုက်ရှာနေတုန်း ကိုလံဘိုမြို့တွင်း အိမ်ရာစခန်းတခုကို ရဲက စီးနင်းချိန်မှာ ၈ ကြိမ်မြောက် အသေခံဗုံးခွဲခဲ့လို့ ရဲအရာရှိ ၃ ယောက် သေဆုံးတယ်လို့ ဂါးဒီးယန်းက ပြောပါတယ်။ ကိုလံဘိုမြို့ကို နေဝင်မီးငြိမ်းအမိန့် ထုတ်ပြန်ထားပြီး ဖေ့စ်ဘွတ်ခ်နဲ့ WhatsApp အပါအဝင် လူမှုကွန်ရက်နဲ့ သတင်းစာတွေကို ပေးပို့တဲ့ အင်တာနက် စာမျက်နှာတွေကို သုံးလို့မရအောင် ပိတ်ဆို့ထားပါတယ်။ ဘယ်အချိန် နေဝင်မီးငြိမ်းအမိန့် ပယ်ဖျက်မလဲဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။ ဒီတိုက်ခိုက်မှုကို ဘယ်သူလုပ်တယ်ဆိုတဲ့ တာဝန်ခံမှု မရှိသေးပါဘူး။ တနင်္ဂနွေညကလည်း ကိုလံဘိုလေဆိပ်မှာ မပေါက်ကွဲသေးတဲ့ အိမ်လုပ်ဗုံးတလုံးကို ရှာတွေ့ခဲ့လို့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက အချိန်မီ ဘေးကင်းကင်း ဖြုတ်သိမ်းနိုင်ခဲ့ပါတယ်။

A d v e r t i s e m e n t With Us

More News
Up