မကွေးတိုင်းအတွင်း လေဘေးသင့်ရွာများကို ကျပ်သိန်း ၃၅၀ ကျော် ထောက်ပံ့ငွေပေးအပ်




1.1K
မကွေးတိုင်းအတွင်း လေဘေးဒဏ်ခံခဲ့ရတဲ့ ကျေးရွာပေါင်း ၇၃ ရွာကို တိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ကျပ်သိန်း ၃၅၀ ကျော် တန်ဖိုးရှိ ဆန်ရိက္ခာ၊ အသုံးဆောင်ပစ္စည်းနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။
မကွေးတိုင်းအတွင်း လေပြင်းတိုက်ခတ်ခဲ့လို့ လူနေအိမ် ၃၃ လုံးနဲ့ ဘာသာရေး အဆောက်အဦတခုလုံးဝ ပြိုကျပျက်ဆီးခဲ့ပြီး လူနေအိမ် ၅၇၉ လုံးနဲ့ ဘာသာရေးအဆောက်အဦ ၁၃ လုံး အစိတ်အပိုင်းတွေပျက်ဆီးခဲ့ကာ လေဘေး သင့် အိမ်ထောင်စုပေါင်း ၆၁၂စု၊ လူဦးရေ ၁၇၉၇ တို့အတွက် ထောက်ပံ့ခဲ့တာပါ။
မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက “လေဘေးသင့် ပြည်သူတွေလက်ထဲကို ကယ်ဆယ်ရေးပစ္စည်းတွေ၊ ရန်ပုံငွေတွေ အချိန်မီ ရောက်ရှိအောင် ဆောင်ရွက်နေပါတယ်။ လေဘေးသင့် ပြည်သူတွေအနေနဲ့ အိမ်ဆောက် ပစ္စည်းတွေအစား ငွေကိုပဲလိုချင်ကြတဲ့အတွက် ငွေသားပဲ ထောက်ပံ့ပေးတာပါ။ ဘေးအန္တရာယ်လျော့ပါးရေးအတွက် ကြိုတင်ပြင်ဆင်မှုအနေနဲ့ ကျေးရွာတွေမှာ ပညာပေးဟောပြောပွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ် ” လို့ ပြောပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်း မတ်လ၃၀ရက်ကနေ ဧပြီ ၈ ရက်နေ့အထိ ကျေးရွာပေါင်း ၂၆ ရွာမှာ လေပြင်းတွေတိုက်ခိုက်လို့ ထိခိုက်ပျက်ဆီးဆုံးရှုံးခဲ့ရပါတယ်။
ဧပြီ၁၇ ရက်နေ့မှာတော့ မကွေးမြို့နယ်၊ ပေါက်မြို့နယ်၊ တောင်တွင်းကြီးမြို့နယ်ရှိ ကျေးရွာ ၃၆ရွာမှာ လေပြင်းတွေ ထပ်မံတိုက်ခတ်ခဲ့သလို ဧပြီ ၁၈ရက်မှာလည်း ဂန့်ဂေါမြို့နယ်၊ ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ်ရှိ ကျေးရွာ ၁၁ ရွာတို့မှာ လေပြင်းတိုက်လို့ ထိခိုက်ပျက်စီးခဲ့ပါတယ်။
သတင်း-မင်းထီး