မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲ တွေ့မရှောင်က သတ္တိအောင်ကို အနိုင်ရရှိ

ကန်တော်ကြီး မျှော်စင်ကျွန်းမှာ မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲတရပ် မနေ့ညက ကျင်းပခဲ့ပြီး အဓိကပွဲစဉ်မှာ တွေ့မရှောင်က စိန်ခေါ်သူ သတ္တိအောင်ကို ဒုတိယအချီမှာ အနိုင်ရရှိခဲ့ပါတယ်။ ပထမအချီမှာ တဦးနဲ့ တဦး လက်ရည်မကွာဘဲ အပြန်အလှန် အကြိတ် အနယ်ရှိခဲ့ကြတယ်။ တွေ့မရှောင်က တိုက်စစ်ကို ဦးဆောင်ဖို့ကြိုးစားပြီး သတ္တိအောင်ကလည်း ရှောင်ထွက်မသွားဘဲ ဆိုင်ထိုးပြိုင်ထိုးဖို့ ကြိုးစားပါတယ်။ သတ္တိအောင်ရဲ့ လက်သီးတွဲလုံးတွေ မြန်ဆန်ပြီး တွေ့မရှောင် စိတ်ကြိုက် သတ်ကွက်ဖော်မရအောင် ဟန့်တားခဲ့တယ်။ ဒါပေမယ့် တွေ့မရှောင်က ပထမအချီမှာ ဒူး၊ တံတောင်နဲ့ လက်သီးကို ဟန်ပြလောက်သာ သုံးပြီး အောက်ခြေပိုင်း ကန်ချက်တွေနဲ့ ဖြိုကစားသွားခဲ့ပါတယ်။ ဒုတိယအချီမှာတော့ တွေ့မရှောင် တိုက်စစ်မြှင့်ပြီး သတ္တိအောင်ကို ပွဲဖြတ်ဖို့ ကြိုးစားပါတယ်။ လူချင်းအကွာမခံဘဲ လက်သီးတကမ်း အနေအထားကနေ ဖိလိုက်ပါတယ်။ ၀ိုက်လက်သီးတွဲလုံးတွေကို အသုံးပြုလာသလို တံတောင်ရိုက်ချက်တွေကလည်း သတ္တိအောင်ကို အထိနာစေခဲ့တယ်။ လူချင်းပူးသွားရင်လည်း ချုပ်အား၊ လှဲ့အား ပိုကောင်းတဲ့ တွေ့မရှောင်ကို သတ္တိအောင် မယှဉ်နိုင်ခဲ့ပါဘူး။ ဒုတိယအချီမှာ သတ္တိအောင် ခံစစ်သက်သက် ဖြစ်သွားပြီး ထိထိရောက်ရောက် ဘာမှ ပြန်မလုပ်နိုင်ခဲ့ဘဲ အထိနာခဲ့တဲ့အတွက် တတိယအချီကို ဆက်လက်ယှဉ်ပြိုင်ခြင်း မပြုတော့ဘဲ အရှုံးပေးသွားခဲ့တာ ဖြစ်ပါတယ်။ တွေ့မရှောင်နဲ့ သတ္တိအောင်တို့ဟာ တတိယအကြိမ်မြောက်အဖြစ် ဆုံတွေ့ယှဉ်ပြိုင်ကြတာ ဖြစ်ပါတယ်။ ၂၀၀၅ ခုနှစ် ပထမအကြိမ်ဆုံတွေ့မှုမှာ သရေကျခဲ့ပြီး ၂၀၀၇ ခုနှစ်တုန်းကတော့ တွေ့မရှောင်က အနိုင်ရထားပါတယ်။ အခု တတိယအကြိမ်ဆုံတွေ့ဆုံမှုမှာလည်း တွေ့မရှောင်က ထပ်မံ အနိုင်ရသွားတာကြောင့် သတ္တိအောင်အတွက် ရှုံးကြွေး မကျေတဲ့အပြင် ထပ်တင်သွားခဲ့ပါတယ်။ တွေ့မရှောင်နဲ့ သတ္တိအောင်တို့ရဲ့ ပွဲစဉ်ကို ညပွဲအဖြစ် ကျင်းပခဲ့ပေမယ့် မျှော်စင်ကျွန်းမှာ ပရိသတ်အပြည့် အားပေးခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်က တွေ့မရှောင်နဲ့ သတ္တိအောင်တို့ဟာ ဖိလစ်ပိုင် လက်ဝှေ့သမားတွေကို အလဲထိုး အနိုင်ယူထားကြလို့ သူတို့ ၂ ယောက်ရဲ့ စိတ်မကျေပွဲ တွေ့ဆုံမှုအပေါ် ပရိသတ် စိတ်ဝင်စားမှုများခဲ့တာပါ။ Read more

//
More News
Up