သီချင်းအပုဒ် ၅၀၀၀ ကို ၁၀၆ နာရီတိုင် ဆက်တိုက်သီဆိုခဲ့သည့် ဒိုမင်နီကန် အဆိုတော် (ရုပ်သံ)

နာရီပေါင်း ၁၀၆ နာရီကြာ ဆက်တိုက်သီချင်းဆိုပြီး ကမ္ဘာ့ဂင်းနစ်စံချိန်ကို ရယူဖို့ကြိုစားတဲ့ ဒိုမင်နီကန် အဆိုတော်တဦးရဲ့ ကြိုးစားမှုကို ကမ္ဘာ့ဂင်းနစ်အဖွဲကချုပ်က ပယ်ချခဲ့တယ်လို့ ဧပြီ ၁၁ ရက်နေ့ OC သတင်းမှာ ဖော်ပြပါတယ်။ အကြောင်းကတော့ ဒီအဆိုတော်ဟာ ဂင်းနစ်အဖွဲ့က သတ်မှတ်ထားတဲ့ စည်းကမ်းတခုဖြစ်တဲ့ သီးချင်းတပုဒ်နဲ့ တပုဒ်ကြားမှာ စက္ကန့် ၃၀ သာနားရမယ်ဆိုတဲ့ စည်းကမ်းကို ဖျောက်ဖျက်လို့ပဲဖြစ်ပါတယ်။ အဆိုတော် ကားလို့စ် ဆေးဗားက ဒီစိန်ခေါ်မှုကိုပြီးခဲ့တဲ့ သီတင်းပတ်က ဆန်တိုဒိုမင်ဂို မြို့ရဲ့အီဂန်နီယို မာရီယာဒီဟိုစတို့စ် ပန်းခြံမှာ ပြုလုပ်ခဲ့တာပါ။ သူဟာ လက်ရှိစံချိန်ရှင် အိန္ဒိယအဆိုတော် ဆန်နေးဝပ်မာရဲ့ နာရီပေါင်း ၁၀၅ နာရီကြာ ဆက်တိုက်သီချင်းသီဆိုခဲ့တဲ့ စံချိန်ကို ချိုးဖျက်နိုင်ဖို့အတွက် နာရီပေါင်း ၁၀၆ နာရီ ဆက်တိုက် သီချင်းပေါင်း ၅၀၀၀ ကို သီဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကြိုးစားမှုကို ဂင်းနစ်အဖွဲ့က လက်မခံခဲ့ပါဘူး။ အကြောင်းကတော့ ကားလို့စ်ဆေးဗားဟာ သီချင်းတပုဒ်နဲ့ တပုဒ်ကြား ၂ မိနစ်နီးပါး အနားယူခဲ့လို့ပဲဖြစ်ပါတယ်။ ဂင်းနစ်အဖွဲ့ချုပ်က တပုဒ်နဲ့ တပုဒ်အကြား စက္ကန့် ၃၀ သာအနားယူရမယ်လို့ သတ်မှတ် ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ကားလို့စ်ကတော့ သူဟာ တချို့သီချင်းတွေအပြီးမှာ အနားယူခဲ့ခြင်းမရှိဘဲ ဆက် ဆက်တိုက်သီဆိုခဲ့ပြီး သီချင်းအနည်းစုမှာသာ ၂ မိနစ်ကြာအနားယူခဲ့တာကြောင့် ပြန်တွက်ကြည့်မယ်ဆိုရင် သူ့အနားယူချိန်က လက်ရှိစံချိန်ရှင် ဆန်နေးထက် ပိုနည်းနေပါတယ်လို့ ပြန်လည်ချေပထားပါတယ်။ ငါးရက်ကြာ သီချင်းပေါင်း ၅၀၀၀ ကို နာရီပေါင်း ၁၀၆ ဒသမ ၇ နာရီသီဆိုခဲ့ပေမယ့် တစုံတရာ အသိအမှတ်အပြုမခံရလို့ အကြီးအကျယ်စိတ်ပျက်ရပေမယ့် ကားလို့စ်ကတော့ သူ့အတွက် ဂင်းနစ်အဖွဲ့ရဲ့ အသိအမှတ်အပြု စာရွက်မရခဲ့ပေမယ့် သူ့သီဆိုဖျော်ဖြေမှုကို လာရောက်အားပေးခဲ့တဲ့ ဒိုမီနီကန်ပြည်သူတွေရဲ့ အသိအမှတ်ပြုမှုအတွက် ပျော်ရွှင်ရတယ်လို့ ပြောပါတယ်။ သူ့ကြိုးစားမှုကို အသိအမှတ်မပြုခဲ့ခြင်းအတွက် ဂင်းနစ်အဖွဲ့ချုပ်ကို တရားစွဲဖို့ စီစဉ်ထားတယ်လို့ ကားလို့စ်က ပြောဆိုလိုက်ပြီး ဒီကိစ္စအတွက် နိုင်ငံတကာ တရားရုံးအထိ တက်ရမယ်ဆိုရင်တောင် အဆင်သင့်ပါပဲလို့ ပြောခဲ့ပါတယ်။ ကားလို့စ်ဆေးဗားက “ဒီကြိုးစားမှုအတွက် ပီဆို သန်းဝက် (ဒေါ်လာ ၂၉၆၃၀) အသုံးပြုခဲ့ရပြီး ဒီကြိုးစားမှုအတွင်းမှာ ဦးနှောက်အတွင်း လျှပ်စစ်ရှော့ခ်ဖြစ်မှု ငါးကြိမ်၊ နှလုံးအောင်းမှု နှစ်ကြိမ်ခံစားခဲ့ရပြီး ကြိုးစားမှုအပြီးမှာ အသံလုံးဝမထွက်တော့ဘူး” လို့လည်း နှာခေါင်းမှာ အောက်စီဂျင်ပိုက်တန်းလန်းနဲ့ ဒေသတွင်း မီဒီယာတခုကို ပြောဆိုခဲ့ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up