အာဖဂန်နစ္စတန်တွင် တိုက်ပွဲနှင့်ပေါက်ကွဲမှုကြောင့် လူ ၁၁ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံရဲ့ မြို့တော် ကဘူးလ်မှာ ဧပြီ ၂၀ ရက်က ပေါက်ကွဲမှုနဲ့ တိုက်ပွဲတွေကြောင့် လူ ၁၁ ယောက် သေဆုံးတယ်လို့ United Press International သတင်းဌာနက အစီရင်ခံပါတယ်။ ဘယ်သူဘယ်ဝါ မသိရတဲ့ တိုက်ခိုက်သူတွေက ဆက်သွယ်ရေး ဝန်ကြီးဌာန ရုံးစိုက်ရာ အထပ်မြင့် အဆောက်အဦထဲကိုဝင်ခဲ့တာကြောင့် လုံခြုံရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်ခဲ့တယ်လို့ အရာရှိတွေက ပြောပါတယ်။ မြို့လယ်ခေါင်မှာ သေနတ်သံတွေကို ရှင်းရှင်းလင်းလင်း ကြားရတယ်လို့ မျက်မြင်သက်သေတွေက ပြောပါတယ်။ တိုက်ပွဲဖြစ်တဲ့နေရာကိုတော့ လုံခြုံရေးတပ်တွေက ပိတ်ဆို့ထားပါတယ်။ ဆက်သွယ်ရေးနဲ့ သတင်းနည်းပညာ ဝန်ကြီးဌာနဝန်းကျင်မှာ ပစ်ခတ်တိုက်ပွဲ ဖြစ်ခဲ့တယ်လို့ ပြည်ထဲရေး ဝန်ကြီးဌာန ပြောခွင့်ရ နတ်စ်ရတ်ရာဟီမီက အတည်ပြုပြောပေမယ့် တခြား အသေးစိတ်တော့ မပြောခဲ့ပါဘူး။ ကဘူးလ်မြို့မှာ လအတော်များများ ငြိမ်သက်နေခဲ့ပြီးမှ တိုက်ခိုက်မှု တကျော့ပြန် ပေါ်ပေါက်ခဲ့တာပါ။ အမေရိကန်နဲ့ တာလီဘန် အရာရှိတွေက ၁၇ နှစ်ကြာ ပြည်တွင်းစစ် အဆုံးသတ်ရေး ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ တရားဝင်စတင်ဖို့ လမ်းဖွင့်ရေး ရည်မှန်းဆွေးနွေးနေချိန်မှာ ခုလို တိုက်ခိုက်ခံရတာပါ။ ဒေသစံတော်ချိန် မနက် ၁၁ နာရီခွဲကစတဲ့ တိုက်ပွဲဟာ ညနေ ၅ နာရီဝန်းကျင်မှာ ပြီးဆုံးခဲ့တယ်လို့ မီဒီယာတွေက အစီရင်ခံပါတယ်။ ဒီတိုက်ခိုက်မှုက သူတို့လက်ချက် မဟုတ်ဘူးလို့ တာလီဘန်တွေက ပြောထားပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up