မျက်မမြင်များကို အဖော်ပြု လမ်းညွှန်ပေးသည့် မြင်းငယ်လေး ဒစ်ဘီ (ရုပ်သံ)

ဒစ်ဘီဆိုတဲ့ အမေရိကန် မြင်းငယ်လေးဟာ “လမ်းညွှန်ခွေး” တကောင်လို မျက်မမြင်တွေကို အဖော်ပြုပေးနိုင်ပါတယ်။
ဧပြီလ ၁၈ ရက်နေ့မှာတော့ သူဟာ အမြင်အာရုံ အားနည်းသူတွေကို ကူညီတဲ့ ဘ၀သစ်ကို စတင်ဖို့ရာ နယူးကာဆယ်မြို့မှာ မြေအောက်ရထားစီးခဲ့ပါတယ်။
အဲဒီလို သင်တန်းပေးတာကိုတော့ The Tyne and Wear Metro က လုပ်ခဲ့တာပါ။ ဒီရထားလမ်းဝန်ဆောင်မှုကို ပိုင်ဆိုင်လုပ်ကိုင်နေတဲ့ အဖွဲ့ဟာ “လမ်းညွှန်ခွေးတွေ” သင်တန်းပေးတဲ့ စနစ်ကို လုပ်ကိုင်ခဲ့ဖူးပါတယ်။
ဒါပေမယ့် “လမ်းညွှန်မြင်း” သင်တန်းကတော့ အခုမှ ပထမဆုံးစတင်တာပါ။ ပို့ဆောင်ရေးစနစ်ရဲ့ မြင်ကွင်းတွေ အသံတွေနဲ့ မြင်းငယ်လေး ဒစ်ဘီ ရင်းနှီးအောင်လို့ ဒီမြေအောက်ရထားကို ရွေးချယ်ခဲ့တာပါ။
ဒီမြေအောက်ရထားက သူ့ကို ရထားစီး၊ ဘူတာ အတက်အဆင်း၊ လက်မှတ်ဖြတ်နဲ့ ဓာတ်လှေကားစီး အတွေ့အကြုံတွေရအောင် အခွင့်အရေးပေးပါတယ်။
၁ နှစ်နဲ့ ၈ လသားအရွယ် ဒစ်ဘီရဲ့ ပိုင်ရှင်ကတော့ မြောက်ယော့ရှိုင်းယားနယ်မှာ KL မြင်းပု ကုထုံးဂေဟာ ဖွင့်ထားတဲ့ ကေတီစမစ်ပဲ ဖြစ်ပါတယ်။
သူဟာ မြင်းလေး ဒစ်ဘီကို လမ်းညွှန်မြင်းတကောင် ဖြစ်အောင်လို့ ဂရုတစိုက် သင်တန်းပေးထားတာပါ။
မကြာခင် ဒစ်ဘီဟာ လန်ဒန်မြို့ မြင်းဇောင်းတခုမှာ ပိုင်ရှင်သစ် ဟယ်လင်ဟာ့တ်နဲ့ အတူနေထိုင်တော့မယ်လို့ ရိုက်တာသတင်းအရ သိရပါတယ်။