အကောင်းဆုံးဘောလုံးသမားဆုကို မက်ဆီ ရသင့်ဟု ရီဗယ်ဒိုပြော

မက်ဆီအနေနဲ့ ချန်ပီယံလိဂ်ဖလား မရရှိခဲ့ရင်တောင် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို ၆ ကြိမ်မြောက် ရရှိသင့်တယ်လို့ ဘာစီလိုနာ ကစားသမားဟောင်းကြီး ရီဗယ်ဒိုက ပြောကြားလိုက်ပါတယ်။ မက်ဆီဟာ အခုနှစ်မှာတော့ ပြိုင်ပွဲစုံ ၄၂ ပွဲကစားပြီး ၄၅ ဂိုးသွင်းယူထားနိုင်သလို ဘာစီလိုနာအသင်းဟာလည်း ချန်ပီယံလိဂ်မှာ ဆီမီးဖိုင်နယ်နဲ့ ကိုပါဒယ်ရေးဖလားမှာလည်း ဖိုင်နယ်အဆင့်ထိ ရောက်ရှိအောင် ပို့ဆောင်ပေးထားနိုင်ပါတယ်။ လာလီဂါမှာလည်း ၆ ပွဲသာ ကစားဖို့ ကျန်ရှိတော့ချိန်မှာ ဒုတိယနေရာက အက်သလက်တီကိုမက်ဒရစ်အသင်းကို ၉ မှတ်ဖြတ်ထားနိုင်ပြီး ဖလား ၃ လုံးရရှိဖို့ နီးစပ်နေပါတယ်။ မက်ဆီဟာ မနှစ်က ကမ္ဘာ့အကောင်းဆုံးဘောလုံးသမားဆုအတွက် အဆင့် ၅ နေရာမှာသာ ရပ်တည်နိုင်ခဲ့ပေမယ့် ဒီနှစ်မှာတော့ အဲ့ဒီဆုကို တကျော့ ပြန်ရရှိနိုင်ဖို့ အခြေအနေကောင်းနေတယ်လို့ ဘောလုံးသုံးသပ်သူတွေက ပြောဆိုနေကြပါတယ်။

More News
Up