ဘူးသီးတောင်မြို့နယ်တွင် ပိတ်မိနေသည့် သက်ကြီးရွယ်အိုများကို စတင်ကယ်ထုတ်
DVB
·
April 20, 2019
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်၊ နွားရုံတောင်ကျေးရွာမှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေကို ဧပြီ ၂၀ ရက်မနက်ပိုင်းက စတင်ကယ်ထုတ်နေတယ်လို့ ဘူးသီတောင်မြို့နယ် အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းက အတည်ပြုပြောကြားပါတယ်။
ဧပြီလ ၁၉ ရက်နေ့က စံဂိုးထောင်၊ နွားရုံတောင်၊ ဥယျာဉ်သာ စတဲ့ကျေးရွာတွေအနီးမှာ တပ်မတော်က ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေ ကျရောက်လို့ ဒေသခံတွေဟာ နီးစပ်ရာကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေကို ထွက်ပြေးသွားခဲ့ကြပြီး မသွားနိုင်မလာနိုင်တဲ့ သက်ကြီးရွယ်အိုတွေကို နေအိမ်တွေမှာ ဒီအတိုင်းပစ်ထားခဲ့ရတာလို့ ဒေသခံတွေက ပြောပါတယ်။
အန်အယ်လ်ဒီပါတီဥက္ကဋ္ဌ ဦးရဲသိန်းက “ကျနော်တို့ မနေ့က မွန်းလွဲ ၂ နာရီလောက်မှာ ပိတ်မိနေတဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကျေးရွာသူ/သားများကို ကယ်ထုတ်ဖို့ သွားကြတယ်။ သွားတဲ့ အချိန်မှာ ၅၅၁ တပ်ရင်းကို အကြောင်းကြားပြီး သွားခွင့်တောင်းပါတယ်။ သွားခွင့်ပြုတဲ့အတွက် သွားကြတာပါ။ ၃၁ ဘုံဘုရား အလွန်ရောက်တော့ တပ်မတော်က လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတာကြောင့်ပါ။ တိုက်ပွဲဖြစ်တာလည်းမရှိပါဘူး။ အဘိုးအဘွားတွေ အခုအချိန်အထိ ဘာမှ မစားရသေးပါဘူး။ မျက်မမြင်အဘိုးတဦးပါတယ်။ ဒီနေ့ မနက်ပိုင်းကစပြီး ဘူးသီးတောင်မြို့နယ် ကြက်ခြေနီအဖွဲ့ရယ် ဘူသီးတောင်မှ WDAB ပရဟိတ္တလူငယ်လူငယ်များနဲ့ သွားလာဖို့ ခက်ခဲ့တဲ့ သက်ကြီးရွယ်အိုတွေ၊ မျက်မမြင်အဘိုးအဘွားတွေကို စတင်ကယ်ထုတ်နေပါတယ်။ နောက်လည်း ကျန်နေပါသေးတယ်။ ရွာက အိမ်စေ့ ရှာဖွေနေရပါတယ်။ အခု သက်ကြီးရွယ်အို ၅ ဦးကို ကားပေါ်တင်နေပါတယ်။ ထိခိုက်ဒဏ်ရာရသူမရှိပါဘူး နောက် စံဂိုးထောင်ကျေးရွာနဲ့ ဥယျာဉ်သာကျေးရွာတွေကိုလည်း သွားရောက်နိုင်ဖို့စီစဉ်မှာပါ။”
စံဂိုးထောင်ကျေးရွာ၊ ဥယာဉ်သာ၊ သျှရှားတောင်စတဲ့ ကျေးရွာတွေမှာလည်း သက်ကြီးရွယ်အိုတွေ ပိတ်မိနေကြောင်း သိရပါတယ်။
ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို ဧပြီလ ၁၉ နေ့က ဒီဗွီဘီက ဖုန်းဆက်မေးမြန်ရာမှာ တိုက်ပွဲဖြစ်တာ မရှိကြောင်းနဲ့ နွားရုံတောင်ကိစ္စကတော့ မသိသေးဘဲ သိရင်ပြောပေးပါမယ်လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။
စံဂိုးထောင်ကျေးရွာအုပ်စုမှာ ကျေးရွာပေါင်း ၆ ရွာရှိပြီး စုစုပေါင် အိမ်ခြေ ၆၀၀ ကျော်၊ လူဦးရေ ၃၀၀၀ ကျော် နေထိုင်ကြတယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ တပ်မတော်နဲ့ အေအေ တိုက်ပွဲတွေကြောင့် ရခိုင်စစ်ဘေးရှောင် ၂ သောင်းခွဲလောက် တိမ်းရှောင်နေကြပါတယ်။
ထိတွေ့တိုက်ပွဲတွေ ပြင်းထန်နေဆဲဖြစ်ပြီး ဝေဟင်ကနေ ပစ်ခတ်မှုတွေလည်း ရှိနေတာမို့ ဒေသခံတွေ စိုးရိမ်တကြီး ကြောက်လန့် ထွက်ပြေးနေကြတာ ဖြစ်ပါတယ်။