Home
မြန်မာသတင်း
မန္တလေးမြို့တွင် အမှိုက်ကောက် အသိပညာပေး လှုပ်ရှားမှု ပြုလုပ်
DVB
·
April 20, 2019
Trash Hero Mandalay နဲ့ ဖောင်တော်ဦး ဘုန်းတော်ကြီး သင်ပညာရေး တွဲဖက်အထက်တန်းကျောင်းမှ ကျောင်းသားကျောင်းသူတွေ စုပေါင်းပြီး ဒီနေ့မနက် ၇ နာရီက မန္တလေးမြို့ နန်းရှေ့မှာ နိုင်ငံတကာ ကမ္ဘာမြေနေ့ Internation Earth Day အထိမ်းအမှတ်အနေနဲ့ အမှိုက်ကောက် အသိပညာပေး လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။ ဒီအမှိုက်ကောက် အသိပညာပေးလှုပ်ရှားမှုကို မန္တလေးမြို့ ၁၉ လမ်း၊ ဖောင်တော်ဦး ဘုန်းတော်ကြီးသင်ပညာရေး တွဲဖက်အထက်တန်းကျောင်းရှေ့ကနေ နန်းရှေ့ဈေးထိ ပြုလုပ်ခဲ့တာပါ။ Trash Hero Mandalay အဖွဲ့ခေါင်းဆောင် ကိုကျော်ဇင်မျိုးက “ကမ္ဘာမြေပေါ်မှာ နေထိုင်ကြတဲ့ ကမ္ဘာသူကမ္ဘာသားတွေအနေနဲ့ ကိုယ်နေထိုင်တဲ့ ကမ္ဘာမြေကို ကိုယ်တိုင်ကစပြီး ဂရုတစိုက် ထိန်းသိမ်းပေးရမယ်ဆိုတဲ့ အသိတွေ နိုးကြားစေဖို့၊ အမှိုက်ကောက်ခြင်းက ရှက်စရာမဟုတ်ပဲ စည်းကမ်းမဲ့ အမှိုက်ပစ်ခြင်းက ရှက်စရာတခုအဖြစ် မြင်လာစေဖို့နဲ့ ပြည်သူလူထုအနေနဲ့ စနစ်တကျ အမှိုက်များကို စွန့်ပစ်စေလို့တဲ့အပြင် ပလတ်စတစ်အိတ်၊ ပလတ်စတစ်ဘူး စတဲ့ ပလတ်စတစ်နဲ့ဆိုင်တဲ့ ပစ္စည်းတွေကို သုံးစွဲမှု လျော့ချစေဖို့ ရည်ရွယ်ပြီး အခုလို့ အသိပညာပေးနေတာပါ” လို့ ပြောပါတယ်။ ဖောင်တော်ဦးဘုန်းတော်ကြီး သင်ပညာရေးတွဲဖက်အထက်တန်းကျောင်းမှ ဆရာမ ဒေါ်မိုးမမဇော်က “ကမ္ဘာမြေနေ့ကို ၁၉၇၀ ခုနှစ်၊ ဧပြီလ ၂၂ ရက်နေ့က ပထမအကြိမ် ကျင်းပခဲ့ပါတယ်။ အခုနှစ်မှာ ၄၉ ကြိမ်မြောက် ရှိပြီးဖြစ်ပါတယ်။ ကမ္ဘာမြေနေ့မှာ ကမ္ဘာမြေငြိမ်းချမ်းရေးဖော်ဆောင်ဖို့ ရည်မှန်းချက်နဲ့ စတင်လှုပ်ရှားခဲ့ကြပါတယ်။ ဒီနေ့ခေတ်နောက်ပိုင်းမှာ သဘာဝပတ်ဝန်းကျင်ယိုယွင်းမှုများ ထိန်းသိမ်းရေး လုပ်ငန်းများပါ ပူးတွဲရည်မှန်းပြီး ကျင်းပလာကြတာပါ” လို့ ဆိုပါတယ်။ နိုင်ငံတကာ ကမ္ဘာမြေနေ့ Internation Earth Day ကို နိုင်ငံပေါင်း ၂၀၀ ကျော်မှာ နှစ်စဉ် ဧပြီ ၂၂ ရက်နေ့ ကျင်းပကြတယ်လို့ သိရပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024