ခေတ်ဟောင်း ကင်မရာပြပွဲ မန္တလေးတွင် ပြုလုပ်မည်
နှစ်ပေါင်း ၁၀၀ သက်တမ်းရှိတဲ့ ကင်မရာတွေ ပါဝင်တဲ့ ခေတ်ဟောင်း ကင်မရာပြပွဲကိုတော့ မန္တလေးမြို့မှာ ပြသဖို့ စီစဉ်နေပါတယ်။
ကင်မရာပေါ်စ ကာလကနေ ခေတ်အဆက်ဆက် ဒီနေ့အချိန်အထိ အသုံးပြုခဲ့ကြတဲ့ ကင်မရာပေါင်း ၂၀၀ လောက် ပြသသွားမှာဖြစ်ပြီး ထူးခြားတဲ့ကင်မရာ အမျိုးအစားတွေ၊ ဖလင်ကူးဆေးတဲ့ ပြခန်းတွေကိုလည်း ပြသမယ်လို့ ခေတ်ဟောင်းကင်မရာတွေ စုဆောင်းတဲ့ ဦးကျော်သက်မင်းက ပြောပါတယ်။
ဒါ့အပြင် သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင် အသုံးပြုခဲ့တဲ့ ကင်မရာကိုလည်း ပြသမယ်လို့ ဆိုပါတယ်။
အဲ့ဒီ ပြပွဲမှာ မန္တလေးမြို့ရဲ့ ခေတ်အဆက်ဆက် ဓာတ်ပုံ အချို့ကိုလည်း ပြသထားမယ်လို့ အထက်မြန်မာပြည် ဓာတ်ပုံအသင်း ဒုဥက္ကဋ္ဌ ဦးစစ်သွေးကျော်က ပြောပါတယ်။
ခေတ်ဟောင်းကင်မရာပြပွဲကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာလတုန်းက ရန်ကုန်မြို့မှာ ပြသခဲ့ပြီး မန္တလေးပြပွဲကိုတော့ ဧပြီ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အထိ ဝင်ကြေးအခမဲ့နဲ့ မန္တလေးမြို့ မြို့တော်ခန်းမမှာ ပြသမယ်လို့ သိရပါတယ်။
ထိန်ထိန်လင်း