မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်း ယခုလနှောင်းပိုင်း ရုရှားသွားမည်
မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ အခုလနှောင်းပိုင်းမှာ ရုရှားနိုင်ငံကို လာမယ်လို့ ရုရှားအစိုးရက ဧပြီ ၁၈ ရက်နေ့မှာ ပြောပါတယ်။
ကင်ဂျုံအန်းဟာ သမ္မတ ဗလာဒီမာ ပူတင်ရဲ့ ဖိတ်ကြားချက်အရ ဧပြီလ နှောင်းပိုင်းမှာ လာမယ်လို့ ရုရှားအစိုးရက ထုတ်ပြန်ကြေညာခဲ့ပေမယ့် အသေးစိတ်တော့ မပြောခဲ့ပါဘူး။
ကင်ဂျုံအန်းနဲ့ ပူတင်အကြား တွေ့ဆုံမှုက ရုရှားဟာ နိုင်ငံတကာဇာတ်ခုံမှာ အရေးပါတဲ့ အခန်းကဏ္ဍက ရှိနေသေးတယ်ဆိုတာ သက်သေပြဖို့ ကြိုးစားတာလို့ နိုင်ငံရေး လေ့လာသုံးသပ်သူတယောက်ရဲ့ ပြောကြားချက်ကို ကိုးကားပြီး AP သတင်းဌာနက ဖော်ပြပါတယ်။
မကြာသေးခင်ရက်တွေက ကင်ဂျုံအန်းနဲ့ ပူတင်တို့ ပထမဆုံး တွေ့ဆုံမယ့်အကြောင်း သတင်းတွေ အရင်ဆုံး ပေါ်ထွက်လာပါသေးတယ်။
ရုရှားသမ္မတ ပူတင်ဟာ အခုလကုန်ပိုင်းမှာ တရုတ်နိုင်ငံကိုသွားဖို့ စီစဉ်ထားပါတယ်။