နီကာရာဂွါသမ္မတကို ဆန့်ကျင်ဆန္ဒပြသူ ဒါဇင်နှင့်ချီ အဖမ်းခံရ

ဓာတ်ပုံ - Reuters
929
နီကာရာဂွါနိုင်ငံမှာ ဧပြီ ၁၈ ရက်နေ့က သမ္မတ ဒန်နီရယ် အော်တေဂါကို ဆန့်ကျင်ဆန္ဒပြပွဲမှာ လူရာချီ စုဝေးခဲ့ပြီး ဒါဇင်နဲ့ချီ အဖမ်းခံခဲ့ရတယ်လို့ အတိုက်အခံ အဖွဲ့တဖွဲ့က ပြောပါတယ်။
ဒါပေမယ့် ရဲတပ်ဖွဲ့ကတော့ ဘယ်သူ့ကိုမှ မဖမ်းခဲ့ဘူးလို့ ငြင်းထားပြီး အဲဒီဆန္ဒပြပွဲတွေဟာ တရားမဝင်ဘူးလို့ အစိုးရက သတ်မှတ်ထားတာပါ။
မြို့တော် မနာဂွါမှာ ဆန္ဒပြသူ အယောက် ၂၀၀ လောက်ဟာ အလံတွေကိုင်ဆောင်ပြီး ဒီမိုကရေစီလိုလားတဲ့ ဆောင်ပုဒ်တွေ ကြွေးကြော်နေချိန်မှာ သူတို့ကို အဓိကရုဏ်းနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်တွေက ဝိုင်းရံထားပါတယ်။
နီကာရာဂွါနိုင်ငံမှာ လွန်ခဲ့တဲ့ တနှစ်ကျော်ကတည်းက အစိုးရဆန့်ကျင် ဆန္ဒပြပွဲတွေ ပေါ်ပေါက်ခဲ့ပြီး အဲဒီအချိန်ကတည်းက ပြည်တွင်း မငြိမ်မသက်မှုတွေကြောင့် လူအယောက် ၃၀၀ ကျော် သေဆုံးခဲ့ပါတယ်။
သမ္မတ အော်တေဂါဟာ ၂၀၀၇ ခုနှစ်ကတည်းက အခုချိန်ထိ ၁၂ နှစ်နီးပါး အာဏာရယူထားတာပါ။
သမ္မတ အော်တေဂါက အစိုးရဆန့်ကျင်ဆန္ဒပြပွဲတွေဟာ သူ့ကို ရာထူးကဖယ်ရှားဖို့ အတိုက်အခံတွေရဲ့ အကြံအစည်ဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
အော်တေဂါဟာ အာဏာရှင်ဆန်တဲ့ မဟာဗျူဟာတွေ အသုံးပြုနေပြီး နိုင်ငံမှာ မိသားစု အစဉ်အဆက် အုပ်ချုပ်ဖို့ ကြိုးပမ်းနေတယ်ဆိုပြီး ဝေဖန်သူတွေက စွပ်စွဲကြပါတယ်။