ယီမင်တွင် ကာလဝမ်းရောဂါဖြစ်ပွားမှု ၂ သိန်း ၂ သောင်းကျော်အထိ မြင့်တက်

2.3K
ယီမင်နိုင်ငံမှာ အခုနှစ်အတွင်း လက်ရှိအချိန်ထိ ကာလဝမ်းရောဂါဖြစ်ပွားမှု နှစ်သိန်းနှစ်သောင်းသုံးထောင်အထိ မြင့်တက်လာတယ်လို့ ကုလသမဂ္ဂ တာဝန်ရှိသူတယောက်က ဧပြီ ၁၈ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။
အခုနှစ် ကာလဝမ်းရောဂါ ဖြစ်ပွားမှုနှုန်းဟာ ၂၀၁၈ ခုနှစ် ကာလတူနဲ့ နှိုင်းယှဉ်ရင် သုံးဆကျော် ပိုများနေတယ်လို့ ကုလသမဂ္ဂအဖွဲ့ရဲ့ ပြောခွင့်ရ စတီဖန် ဒူဂျာရစ်က အမေရိကန်နိုင်ငံ နယူးယောက်မြို့ ကုလသမဂ္ဂရုံးချုပ်မှာ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
အဲဒီထဲမှာ ကာလဝမ်းရောဂါ ခံစားနေရတဲ့ ကလေးငယ်အရေအတွက် လေးပုံတပုံနီးပါးဟာ အသက်ငါးနှစ်အောက် ကလေးတွေလို့ သူက ဆက်ပြောပါတယ်။
ယီမင်နိုင်ငံအတွင်း မိုးရာသီကျရာက်တဲ့ သြဂုတ်လမှာ ကာလဝမ်းရောဂါ ကူးစက်နှုန်း မြင့်တက်လေ့ ရှိတာကြောင့် အဲဒီရာသီမတိုင်မီ ရောဂါပြန့်ပွားမှု ထိန်းချုပ်ရေး လျင်လျင်မြန်မြန်လုပ်ဖို့ စတီဖန် ဒူဂျာရစ်က သတိပေး ပြောကြားခဲ့ပါတယ်။