A d v e r t i s e m e n t With Us

လွတ်ငြိမ်းခွင့်ဖြင့်လွတ်လာသူ မူးပြီးဓားကိုင်သောင်းကျန်းသဖြင့် ပြန်ဖမ်းဆီးခံရ

မန္တလေးတိုင်းဒေသကြီး ဝမ်းတွင်းမြို့နယ် ကံကြီးရွာမှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွတ်မြောက်လာသူက ဧပြီ ၁၈ ရက်ညက အများပိုင်လမ်းပေါ်မှာ အရက်မူးပြီး ဓားကိုင်သောင်းကျန်းနေတာကြောင့် ပြန်ဖမ်းဆီးလိုက်ရတယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။ ကံကြီးရွာနေ ဖိုးမဲ (ခ) သိန်းနိုင်ဟာ ကျေးရွာအများပိုင်လမ်းပေါ်မှာ အရက်မူးပြီး အော်ဟစ်ဆူပူကာ အရိုးအသွား ၁ ပေလောက်ရှိတဲ့ ဓားကိုင်သောင်းကျန်းနေတာကို ကျေးလက်ပြည်သူတွေက တိုင်ကြားတာလာကြောင့် လက်နက်မှုနဲ့ အမှုဖွင့် ဖမ်းဆီးလိုက်တာလို့ ဆိုပါတယ်။ ရွှေတောင်ရွာ ရဲစခန်း တာဝန်ကျရဲအရာရှိက "ဖိုးမဲ(ခ)သိန်းနိုင်က တပ်မတော်အက်ဥပဒေနဲ့ အရေးယူခံရပြီး သရက်ထောင်မှာ အကျဉ်းကျနေရာက လွတ်ငြိမ်းချမ်းသာနဲ့ လွတ်လာတာပါ။ ရွာကလူတွေက ဓားနဲ့ဆိုတော့ လန့်ပြီး တိုင်ကြတော့ ပြန်ဖမ်းလိုက်ရတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ ဝမ်းတွင်းမြို့နယ် ရွှေတောင်ရွာရဲစခန်းမှာ ဖိုးမဲ(ခ)သိန်းနိုင်ကို အများပြည်သူ ဘေးအန္တရာယ်ဖြစ်စေတဲ့ လက်နက်ကိုင်ဆောင်မှုပုဒ်မ ၁၉(င) နဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်။ သတင်း-မောင်မောင်လင်း

A d v e r t i s e m e n t With Us

More News
Up