နယူးယောက် စိန့်ပက်ထရစ် ဘုရားကျောင်းထဲ ဓာတ်ဆီပုံးနှင့် မီးခြစ်များ ယူလာသူအား ဖမ်းဆီး

အမေရိကန်နိုင်ငံ နယူးယောက်မြို့က စိန့်ပက်ထရစ် ဘုရားကျောင်းထဲကို ဓာတ်ဆီပုံးတွေနဲ့ မီးခြစ်တွေ ယူလာတဲ့ အမျိုးသားတယောက်ကို ဧပြီ ၁၇ ရက်နေ့မှာ ဖမ်းဆီးခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ အသက် ၃၇ နှစ်အရွယ် အဲဒီအမျိုးသားဟာ ဓာတ်ဆီအပြည့်ထည့်ထားတဲ့ ပုံးနှစ်ပုံးအပြင် ဂက်စ်ဘူးနဲ့ မီးခြစ်တွေ သယ်ဆောင်လာခဲ့တာပါ။ ဧပြီ ၁၇ ရက်နေ့ ဒေသစံတော်ချိန် ည ၈ နာရီလောက်မှာ အဲဒီအမျိုးသားဟာ စိန့်ပက်ထရစ် ဘုရားကျောင်းထဲ ဝင်လာပြီး လုံခြုံရေးဝန်ထမ်းတယောက်နဲ့ ပက်ပင်းတွေ့ခဲ့တယ်လို့ နယူးယောက်မြို့ ရဲဌာနက ပြောပါတယ်။ အဲဒီအမျိုးသားဟာ ဘုရားကျောင်းထဲက ပြန်ထွက်ဖို့ အလှည့်မှာ ဓာတ်ဆီတွေ ကြမ်းပြင်ပေါ်ကို ဖိတ်ကျသွားခဲ့တာကြောင့် လုံခြုံရေးဝန်ထမ်းက အပြင်ဘက်မှာရှိတဲ့  ရဲတပ်ဖွဲ့ဝင်တွေကို အကြောင်းကြားခဲ့ပါတယ်။ လက်ရှိမှာတော့ အာဏာပိုင်တွေက အဲဒီအမျိုးသားကို မေးမြန်းစစ်ဆေးပြီး ဖမ်းဆီးထားပါတယ်။ အကြမ်းဖက်တိုက်ခိုက်ဖို့ ကြံစည်မှုလားဆိုတာ ကောက်ချက်ချဖို့ စောသေးတယ်လို့ နယူးယောက်မြို့ ရဲဌာနရဲ့ ထောက်လှမ်းရေးနဲ့ အကြမ်းဖက်နှိမ်နင်းရေးဆိုင်ရာ ဒုရဲမင်းကြီး ဂျွန်မစ်လာက ပြောပါတယ်။ သူဟာ နယူးဂျာစီပြည်နယ်က ဒဿနိကဗေဒ ပါမောက္ခတယောက်ဖြစ်တယ်လို့ New York Daily News သတင်းဌာနက ဖော်ပြပါတယ်။ နယူးယောက်မြို့ မန်ဟက်တန်ခရိုင်မှာ တည်ရှိတဲ့ စိန့်ပက်ထရစ် ဘုရားကျောင်းကို ၁၈၇၉ ခုနှစ်ကတည်းက စတင်တည်ဆောက်ခဲ့ပြီး အမေရိကန်နိုင်ငံ ကက်သလစ် ဘုရားကျောင်းတွေထဲမှာ အရေးပါဆုံး ပြယုဂ်တခုလို့ သတ်မှတ်ခံထားရပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up