Home
မြန်မာသတင်း
သင်္ကြန်ရုံးပိတ်ရက် ယာဉ်စီးခ ပိုတောင်းသည့်ယာဉ်များကို စိစစ်အရေးယူမည်
စိုးမိုးအောင်
·
April 19, 2019
သင်္ကြန်ရုံးပိတ်ရက်တွေအတွင်းမှာ ဈေးပိုတောင်းတာကြောင့် တိုင်ကြားခံထားရတဲ့ YBS ယာဉ်တွေနဲ့ အဝေးပြေးယာဉ်တွေကို စိစစ်အရေးယူသွားမယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။ ဈေးပိုတောင်းတဲ့ YBS ယာဉ်တွေကို တိုင်ကြားထားမှု ၃၀ ကျော်နဲ့ အဝေးပြေးယာဉ်တွေအပေါ် တိုင်ကြားတာက ၂၀ လောက်ရှိတယ်လို့ စိစစ်အရေးယူသွားမယ်လို့ YRTA အတွင်းရေးမှူး ဒေါက်တာမောင်အောင်က ပြောပါတယ်။ ရန်ကုန်မြို့မှာ သင်္ကြန်ရုံးပိတ်ရက်အတွင်း အဝေးပြေးယာဉ်တွေနဲ့ YBS ယာဉ်တွေ ယာဉ်စီးခ ပိုမိုတောင်းခံတာမလုပ်ဖို့ သက်ဆိုင်ရာဌာနတွေက အသိပေးထားပေမယ့် ယာဉ်စီးခ ပိုမိုတောင်းခံတာကြောင့် စားသုံးသူရေးရာဦးစီးဌာနနဲ့ YRTA အဖွဲ့ကို တိုင်ကြားထားမှုပေါင်း ၅၀ ကျော်လောက် ရှိနေပါတယ်။ YBS ယာဉ်တွေအနေနဲ့ သင်္ကြန်ရက်အတွင်း အရင်ကျပ် ၂၀၀ ကနေ ယာဉ်စီးခ ကျပ် ၅၀၀ တောင်းတာရှိသလို ငွေကျပ် ၁၀၀၀အထိ တိုးမြှင့်တောင်းခံတာတွေရှိတယ်လို့ ခရီးသည်တွေက ပြောဆိုတာ ရှိပါတယ်။ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေး ကြီးကြပ်ကွပ်ကဲမှုအာဏာပိုင်အဖွဲ့ (YRTA) ကို YBS ယာဉ်စီး ခပိုမိုတောင်းခံတာကြောင့် တိုင်ကြားမှု ၃၂ မှုရှိပြီး အရှိန်ပြင်းမောင်းနှင်တာနဲ့ မချေမငံ ဆက်ဆံလို့ တိုင်ကြားထားမှု ၂ မှုရှိတယ်လို့ ဆိုပါတယ်။ သင်္ကြန်ကာလအတွင်း YBS ယာဉ်စီးခပိုမိုတောင်းခံလို့ စားသုံးသူရေးရာဦးစီးဋ္ဌာနကို တိုင်ကြားထားတာ မရှိပေမယ့် အဝေးပြေးယာဉ်စီးခတွေ ပိုမိုတောင်းခံတာကြောင့် တိုင်ကြားထားမှု ၂၀ လောက်ရှိတယ်လို့ ဆိုပါတယ်။ အဝေးပြေးယာဉ်တွေ  ယာဉ်စီးခပိုမိုတောင်းခံပြီး ဈေးနှုန်းမရေးပေးတာ၊ လက်မှတ်ဝယ်ယူလို့ မရတာကြောင့် စားသုံးသူရေးရာဦးစီးဌာနကို တိုင်ကြားထားတာလို့ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းသိန်းက ပြောပါတယ်။ ရန်ကုန်မြို့မှာ သင်္ကြန်ကာလအတွင်း အဝေးပြေးယာဉ်တွေနဲ့ YBS ယာဉ်တွေကို ယာဉ်စီးခပိုမိုမတောင်းခံဖို့ YRTA က ညွှန်ကြားထားသလို စားသုံးသူရေးရာ ဦးစီးဌာနကလည်း ယာဉ်စီးခပိုတောင်းတဲ့ယာဉ်တွေအား တိုင်ကြားဖို့ ပြည်သူတွေကိုကြိုတင် အသိပေးထားတာရှိပါတယ်။ သက်ဆိုင်ရာဌာနတွေက ယာဉ်စီးခ ပိုမိုမတောင်းခံဖို့ သတိပေးထားပေမယ့် အဝေးပြေးယာဉ်စီးခတွေ ၂ ဆလောက် တိုးမြင့်ရောင်းချတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024