Home
မြန်မာသတင်း
၂၀၁၈ ခုနှစ်တွင် တရားရုံးများ ဒဏ်ကြေးနှင့်ရုံးခွန် ကျပ်သိန်း ၉ သောင်းခန့် ရရှိ
ပိုင်စိုး
·
April 19, 2019
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်ထဲမှာ တရားရုံးတွေက ဒဏ်ကြေးနဲ့ ရုံးခွန်အဖြစ် ကျပ်သိန်းပေါင်း ၉ သောင်းလောက် ရခဲ့တယ်လို့ ပြည်ထောင်စုတရားလွှတ်တော်ချုပ်က ထုတ်ပြန်ပါတယ်။ တရားရုံး နှစ်စဉ်အစီရင်ခံစာမှာ ဖော်ပြထားတာဖြစ်ပြီး တရားရုံးအဆင့်ဆင့်က တပ်ရိုက်ပြီး ကောက်ခံရတဲ့ ဒဏ်ကြေးက ကျပ်သိန်းပေါင်း ၇ သောင်းလောက် ရှိနေတာပါ။ တရားရုံးအဆင့်ဆင့်ကို စွဲဆိုတဲ့ ရာဇဝတ်မှုတွေကို စီရင်ဆုံးဖြတ်ရာမှာ ဒဏ်ငွေတပ်တဲ့ အမှုတွေလည်း ပါဝင်ပြီး မြို့နယ်တရားရုံးတွေက အများဆုံး ဆုံးဖြတ်ခဲ့တာပါ။ ၂၀၁၈ ခုနှစ်ထဲမှာ မြို့နယ်တရားရုံးတွေက ဒဏ်ငွေကျပ်သိန်းပေါင်း ၆၇၁၄၉ တပ်ရိုက်ခဲ့ပြီး ကျပ်သိန်းပေါင်း ၆၆၉၄၆ ကောက်ခံရရှိခဲ့ပါတယ်။ ကြွေးကျန်အနေနဲ့ ကျပ်သိန်း ၃၃၀ ကျော်ရှိနေပြီး ဒါတွေဟာ တရားခံတွေက မပေးဆောင်တာ၊ တရားခံပိုင်ဆိုင်တဲ့ ပစ္စည်းတစုံတရာ မရှိတာ၊ လိပ်စာအတည်တကျမရှိလို့ သတ်မှတ်နည်းလမ်းအတိုင်း ကောက်ခံလို့မရတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။ ခရိုင်တရားရုံးတွေကတော့ ဒဏ်ငွေ ကျပ်သိန်းပေါင်း ၈၀ ကျော်ပဲ ချမှတ်ခဲ့ပြီး တိုင်းနဲ့ ပြည်နယ် တရားရုံးတွေက ကျပ် ၅၉၀၀၀၀ ပဲ ချမှတ်ခဲ့ပါတယ်။ တရားရုံးအဆင့်ဆင့်က ရုံးခွန်အနေနဲ့ ရရှိခဲ့တာကတော့ ကျပ်သိန်းပေါင်း ၁၉၆၃၅ ရှိပြီး တိုင်းနဲ့ ပြည်နယ် တရားရုံးတွေက အများဆုံး ရခဲ့တာ ဖြစ်ပါတယ်။ အဲဒီရုံးတွေက ကျပ်သိန်းပေါင်း ၄၄၃၇ ကျော်၊ မြို့နယ်တရားရုံးတွေက ကျပ်သိန်းပေါင်း ၂၁၅၇ ကျော်၊ ပြည်ထောင်စု တရားလွှတ်တော်ချုပ်က ကျပ်သိန်းပေါင်း ၁၆၉၀ ကျော်၊ ခရိုင်တရားရုံးတွေက ကျပ်သိန်းပေါင်း ၁၁၃၄ ကျော် ရရှိခဲ့ပါတယ်။ ဒီရုံးခွန်တွေဟာ တရားရုံးတွေမှာ အမှုစွဲဆိုတဲ့အခါ အမှုသည်တွေက ရုံးခွန်တံဆိပ်ခေါင်း ထမ်းဆောင်ရတာ၊ ရှေ့နေရှေ့ရပ်ကိစ္စတွေမှာ ရှေ့နေနဲ့ သက်ဆိုင်သူတွေက ထမ်းဆောင်တာကနေရတာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်ထဲက တရားရုံးတွေမှာ သက်ငယ်မုဒိမ်းမှု ၁၁၂၀၊ မုဒိမ်းမှုက ၈၀၂ မှု၊ လူသတ်မှု ၁၃၃၉ မှု၊ မူးယစ်ဆေးဝါးမှု ၁၂၄၁၇ မှု၊ လူကုန်ကူးမှု ၁၇၉ မှု၊ ယာဉ်မတော်တဆမှုကြောင့် လူသေဆုံးမှု ၃၂၉၄ မှု စွဲဆိုခဲ့ပါတယ်။
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024