A d v e r t i s e m e n t With Us

ထိုင်းပင်လယ်ပြင်ထဲ ရေပေါ်အိမ်ဆောက်ခဲ့သည့် စုံတွဲ သေဒဏ်ချမှတ်ခံရနိုင်

ဓာတ်ပုံ - Thai Navy/EPA
ထိုင်းနိုင်ငံ ပင်လယ်ပြင်ထဲမှာ ရေပေါ်အိမ်ဆောက်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ စုံတွဲတတွဲကို ရေတပ်တာဝန်ရှိသူတွေက ရှာဖွေနေကြပြီး ပြစ်မှုထင်ရှားပါက သေဒဏ်အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်တယ်လို့ ဘီဘီစီသတင်းမှာ ဧပြီ ၁၈ ရက်နေ့က ဖော်ပြပါတယ်။ ချက်ဒ်အယ်လ်ဝါတိုးစကီးလို့ အမည်ရတဲ့ အမေရိကန်အမျိုးသားနဲ့ ချစ်သူမိန်းကလေး ဆူပရာနီးသက်ပ်ဒက်ထ်တို့ဟာ လတ်တလောမှာတော့ ထွက်ပြေးတိမ်းရှောင်နေကြပြီး သူတို့ရဲ့ လုပ်ရပ်က ထိုင်းနိုင်ငံရဲ့ အချုပ်အချာအာဏာကို ထိပါးချိုးဖောက်ခဲ့တာလို့ ထိုင်းရေတပ်က ဆိုပါတယ်။ သူတို့ရဲ့ ရေပေါ်အိမ်ဟာ ဖူးခက်ကမ်းရိုးတန်းကနေ ၁၂ မိုင်လောက်အကွာမှာ ရှိနေပြီး ထိပ်ပိုင်း ၆၅ ပေအမြင့်ထိ ရှိပါတယ်။ ဒါပေမယ့် အယ်လ်ဝါတိုးစကီးကတော့ ဒီအိမ်ဟာ ကမ်းရိုးတန်းကနေ ၁၃ မိုင်အကွာမှာ ရှိနေတာဖြစ်လို့ ထိုင်းရေပိုင်နက်နဲ့ မဆိုင်ဘဲ တရားစီရင်ပိုင်ခွင့် မရှိဘူးလို့ ဆိုပါတယ်။ “ထိုင်းရေတပ်နဲ့အဖွဲ့က ပင်လယ်ထဲက ကွန်ကရစ်တိုင်ကီတလုံးကို တွေ့ခဲ့ကြတာပါ။ ဒါပေမယ့် အထဲမှာတော့ တယောက်မှ ရှိမနေခဲ့ဘူး” လို့ ရဲ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး နီခွန်ဆုန်ဆက်ခ်က ပြောပါတယ်။ အဲဒီနောက်တော့ ထိုင်းရေတပ်ဟာ ဒေသတွင်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံပြီး ဘယ်လို ဆက်ဆုံးဖြတ်ကြမလဲ ဆိုတာကို ဆွေးနွေးခဲ့ကြတယ်လို့ သူက ဆက်ပြောပါတယ်။ ထွက်ပြေးတိမ်းရှောင်နေကြတဲ့ စုံတွဲဟာ ဒီ ရေပေါ်အိမ်ဆောက်လုပ်မှုအတွက် သက်ဆိုင်ရာဆီက ခွင့်ပြုချက်တစုံတရာ ယူခဲ့တာမျိုးလည်း မရှိတာမို့ ခုလို ထိုင်းနိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးချိုးဖောက်တာမျိုးဟာ ထောင်ဒဏ်တသက်တကျွန်း၊ ဒါမှမဟုတ် သေဒဏ်ထိ ချမှတ်ခံရနိုင်ပါတယ်။ အယ်လ်ဝါတိုးစကီးဟာ အင်တာနက် ငွေကြေးလုပ်ငန်းစုတခုဖြစ်တဲ့ Bitcoin မှာ အလုပ်လုပ်နေသူဖြစ်ပြီး အဲဒီအရင်ကတော့ အမေရိကန်စစ်တပ်မှာ ဆော့ဖ်ဝဲအင်ဂျင်နီယာ တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့စုံတွဲဟာ နိုင်ငံတကာ ရေပိုင်နက်တွေထဲမှာ ရေပေါ်အိမ်တွေ ဆောက်လုပ်တဲ့ အလုပ်တွေ လုပ်ကြကာ ပင်လယ်ပြင်တွင်း လှုပ်ရှားနေထိုင်မှုဆိုပြီး ခံယူထားကြတာ ဖြစ်ပါတယ်။ သူတို့စုံတွဲဟာ ပင်လယ်သမုဒ္ဒရာတွင်း ရေပေါ်အိမ်ဆောက်လုပ်သူများအဖွဲ့ထဲမှာ တစိတ်တပိုင်း ပါဝင်နေသူတွေလည်း ဖြစ်တယ်လို့ ဆိုပါတယ်။ လတ်တလော အငြင်းပွားဖွယ်ဖြစ်နေတဲ့ ထိုင်းရေပေါ်အိမ်ကတော့ ဆောက်လုပ်ခဲ့တာ လပိုင်းလောက် ကြာနေခဲ့ပြီဖြစ်ပေမယ့် အာဏာပိုင်တွေကတော့ ခုသီတင်းပတ်ထဲမှာမှ စစ်ဆေးတွေ့ရှိခဲ့ကြတာပါ။ ပင်လယ်သမုဒ္ဒရာတွင်း ရေပေါ်အိမ် ဆောက်လုပ်သူများအဖွဲ့ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီစုံတွဲဟာ ဒီရေပေါ်အိမ်ကို ဆောက်လုပ်ခဲ့ကြတာမဟုတ်ဘဲ ငှားရမ်းနေထိုင်ခဲ့တာသာ ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ အယ်လ်ဝါတိုးစကီးကတော့ သူတို့စုံတွဲဟာ လောလောဆယ် လုံခြုံစိတ်ချရတဲ့ နေရာတခုမှာ ပုန်းအောင်းနေတယ်လို့ အေအက်ဖ်ပီသတင်းဌာနကို ပြောပါတယ်။

A d v e r t i s e m e n t With Us

More News
Up