ကွန်ဂိုတွင် လှေတစီး တိမ်းမှောက်၊ လူ ၁၅၀ ခန့် ပျောက်ဆုံးနေ

1.1K
ကွန်ဂိုနိုင်ငံ အရှေ့ပိုင်းက ရေကန်တခုမှာ လှေတစီး တိမ်းမှောက်လို့ လူ အယောက် ၁၅၀ လောက် ပျောက်နေတယ်လို့ သမ္မတ ဖလိဇ် ရှီဇီကေဒီက ဧပြီ ၁၆ ရက်နေ့က ပြောပါတယ်။
မြောက်ကီဗူပြည်နယ်ကနေ ခုတ်မောင်းလာတဲ့ အဲဒီလှေဟာ ကီဗူရေကန်ထဲမှာ တိမ်းမှောက်ခဲ့တယ်လို့ ဒေသခံ တက်ကြွလှုပ်ရှားသူတဦးက ပြောပါတယ်။
အဲဒီလှေတိမ်းမှောက်မှုမှာ လူပေါင်း ၃၃ ဦးကို ကယ်ဆယ်ခဲ့ပြီး အလောင်းသုံးလောင်း ဆယ်ယူရရှိခဲ့ပေမယ့် နောက်ထပ် လူပေါင်း ၁၅၀ လောက် ပျောက်နေသေးတယ်လို့ သူက ဆက်ပြောပါတယ်။
အဲဒီလှေပေါ်မှာ လူဘယ်နှစ်ယောက် လိုက်ပါခဲ့တယ်ဆိုတာ အတိအကျ မသိရသေးသလို လှေတိမ်းမှောက်ရတဲ့ အကြောင်းအရင်းကိုလည်း အာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
ကွန်ဂိုနိုင်ငံမှာ လှေတွေဟာ ခံနိုင်တဲ့ပမာဏထက် ဝန်ပိုတင်ဆောင်တာတွေ လုပ်လေ့ရှိပြီး လူသေဆုံးတဲ့ လှေမတော်တဆမှုတွေ မကြာခဏ ဖြစ်လေ့ရှိပါတယ်။
ကွန်ဂိုနိုင်ငံဟာ သစ်တောဧရိယာ ကျယ်ပြန့်ပြီး မြို့ကြီးတွေကို ဆက်သွယ်ထားတဲ့ အဝေးပြေးလမ်းမတွေလည်း နည်းတာကြောင့် ကွန်ဂိုနိုင်ငံသားတွေဟာ ရေကြောင်းကို အဓိကအားကိုးပြီး ခရီးနှင်ကြရပါတယ်။