နောက်ဆုံးမိနစ်သွင်းဂိုး ပယ်ဖျက်ခဲ့မှု ရက်စက်လွန်းရာကျဟု မန်စီးတီးနည်းပြ ပြော

1.4K
နောက်ဆုံးမိနစ်မှာ အနိုင်ဂိုးသွင်းခဲ့ပေမယ့် ဂိုးမပေးခဲ့တာက ရက်စက်လွန်းတယ်လို့ မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောကြားလိုက်ပါတယ်။
မန်စီးတီးအသင်းဟာ စပါးအသင်းနဲ့ ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ ပွဲပြီးခါနီးမှာ နောက်တဆင့်တက်ရောက်စေမယ့် ဂိုးကို စတာလင်က သွင်းယူနိုင်ခဲ့ပေမယ့် ဂိုးဖန်တီးပေးခဲ့တဲ့ အဂွေရို လူကျွံနေခဲ့တာကြောင့် VAR နဲ့ ပြန်ကြည့်ခဲ့ပြီး အမှန်တကယ် လူကျွံခဲ့တဲ့အတွက် ဒိုင်လူကြီးက ဂိုးမပေးခဲ့တာ ဖြစ်ပါတယ်။
စတာလင် ဂိုးသွင်းပြီးချိန်မှာ အသင်းဖော်တွေနဲ့အတူ အောင်ပွဲခံခဲ့သလို မန်စီးတီးနည်းပြ ဂွါဒီယိုလာနဲ့ နည်းပြအဖွဲ့ဟာလည်း အကြီးအကျယ် အောင်ပွဲခံခဲ့ပေမယ့် VAR စနစ်နဲ့ ပြန်ကြည့်အပြီးမှာ ဂိုးအဖြစ် သတ်မှတ်ခံရခြင်း မရှိတာကြောင့် အဲဒီအချိန် အခိုက်အတန့်ဟာ ရက်စက်လွန်းရာကျတယ်လို့ ဂွါဒီယိုလာက ပြောကြားခဲ့တာပါ။
မန်စီးတီးအသင်းဟာ စပါးအသင်းကို ၄ ဂိုး ၃ ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ပထမအကျော့က တဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့လို့ နှစ်ကျော့ပေါင်းရလဒ် ၄ ဂိုးစီ သရေဖြစ်သွားခဲ့တာပါ။
ဒါပေမယ့်လည်း အဝေးဂိုးစည်းမျဉ်းအရ မန်စီးတီးအသင်း ပြိုင်ပွဲက ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီးမီဒီယာအဖွဲ့ဟာလည်း အသင်းရဲ့ တွစ်တာစာမျက်နှာမှာ အောင်ပွဲခံတဲ့စာ ရေးသားခဲ့ပေမယ့်လည်း VAR ပြန်ကြည့်ပြီး ဆုံးဖြတ်ခဲ့တာကြောင့် အောင်ပွဲခံစာသားကို ပြန်ဖျက်ခဲ့ရပါတယ်။