A d v e r t i s e m e n t With Us

နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ

ခုလို ပူအိုက်တဲ့ ရာသီမျိုးဆို နှာခေါင်းသွေးလျှံတဲ့ ပြဿနာတွေ မကြာခဏ ကြုံတွေ့ရတတ်ပါတယ်။ တချို့ နှာခေါင်းသွေးလျှံတာတွေက ပြဿနာ ကြီးကြီးမားမားမရှိဘဲ ပြန်ပျောက်သွားတာ များပါတယ်။ တချို့ကျတော့ နားနှာခေါင်း လည်ချောင်းမှာ ပြဿနာတခုခု ရှိတာကြောင့် နှာခေါင်းသွေးလျှံရတာ ဖြစ်ပါတယ်။ ဒါဆို နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေက ဘာများလဲ။  ။ နှာခေါင်းသွေး ဘယ်လိုလျှံရတာလဲ။ နှာခေါင်းဆိုတာ သွေးကြောများစွာနဲ့ ဖွဲ့စည်းထားတဲ့ အရာတခုပါ။ ဖွဲ့စည်းထားတဲ့ သွေးကြောမျှင်လေးတွေဟာ အင်မတန်ပါးပြီး ပေါက်ကွဲလွယ်ပါတယ်။ ဒါ့ကြောင့် လက်ကလေးနဲ့ နှာချေး ကလော်လိုက်ရုံနဲ့ အခန့်မသင့်ရင် သွေးတွေ ထွက်လာတတ်တာ ဖြစ်ပါတယ်။ နှာခေါင်းသွေးလျှံတာကို နေရာ ၂ ပိုင်း ခွဲလို့ရပါတယ်။
  • anterior nosebleed – နှာခေါင်းအရှေ့ပိုင်းက သွေးကြောလေးတွေ ကွဲတာ၊ ပျက်စီးသွားတာကြောင့် နှာခေါင်းသွေးလျှံခြင်းနဲ့
  • posterior nosebleed – နှာခေါင်းအနောက်ပိုင်းက သွေးကြောတွေ ပေါက်ပြီး သွေးထွက်တတ်တဲ့ ကိစ္စပါ။ နှာခေါင်းအနောက်ပိုင်းထွက်တဲ့ သွေးတွေကျတော့ အပြင်ကို ထွက်မလာဘဲ လည်ချောင်းထဲ ပြန်စီးဝင်သွားတတ်ပါတယ်။ ဒီနှာခေါင်းအနောက်ပိုင်း သွေးထွက်တဲ့ပြဿနာ ဖြစ်ရင်တော့ စိုးရိမ်ရတတ်ပါတယ်။
နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းများ။ နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်း များစွာရှိပါတယ်။ ရံဖန်ရံခါ ရုတ်တရက် နှာခေါင်းသွေးလျှံတာမျိုးက စိုးရိမ်စရာမရှိပေမယ့် ခဏခဏ နှာခေါင်းသွေးလျှံနေတာမျိုးဆို စိုးရိမ်စရာ ရှိလာပါပြီ။
  • ခြောက်သွေ့နေတဲ့ လေဟာ နှာခေါင်းသွေးလျှံခြင်းကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရာတခုပါ။ ဒါ့ကြောင့် ပူပြင်းခြောက်သွေ့တဲ့ ရာသီဥတုနဲ့ အိမ်တွင်း အပူပေးစက်တွေဟာ နှာခေါင်းအတွင်းသား ခြောက်သွေ့ခြင်းကို ဖြစ်စေပါတယ်။ ဒီလိုခြောက်သွေ့လာတဲ့ နှာခေါင်းအတွင်းသားလေးတွေ ကွဲအက်လာပြီး ယားသလိုလို ဖြစ်လာတဲ့အခါ ကုတ်မိလိုက်တာနဲ့တင် နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေပါတယ်။
  • နှာစေးနှာပိတ်ရင်သောက်တဲ့ ဆေးတွေဖြစ်တဲ့ antihistamines နဲ့ decongestants တို့ဟာလည်း နှာခေါင်းအတွင်းသားတွေကို ခြောက်သွေ့စေတတ်ပြီး နှာခေါင်းသွေးထွက်ခြင်းကို ဖြစ်စေတတ်ပါတယ်။
  • နှပ်ခဏခဏ ညှစ်ခြင်းဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရင်းတွေထဲက တခုပါ။
နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အခြား အဖြစ်များတဲ့ အကြောင်းအရင်းတွေကတော့
  • ပြင်ပက ပစ္စည်းတခုခု ဝင်သွားတာ
  • ဓာတုပစ္စည်းတွေနဲ့ ထိမိတာ
  • ဓာတ်မတည့်ဘဲ နှာစေးတာ
  • နှာခေါင်းမှာ တခုခုထိခိုက်မိတာ
  • ခဏခဏ နှာချေတာ
  • နှာချေးကလော်တာနဲ့
  • ခြောက်သွေ့ပြီး စိုထိုင်းဆနည်းတဲ့ လေတွေကြောင့် နှာခေါင်းအတွင်းသားတွေ ခြောက်သွေ့ပြီး ကွဲအက်တာ
  • အသက်ရှူလမ်းကြောင်း ပိုးဝင်တာ
  • aspirin ဆေးပမာဏ အများကြီးသောက်မိလို့ သွေးဆဲလ်တွေ ထိခိုက်မိပြီး သွေးယိုစိမ့်တာတွေကြောင့် အပြင်
အခြား ကျန်းမာရေး ပြဿနာတွေဖြစ်တဲ့
  • သွေးတိုးရောဂါ
  • သွေးကင်ဆာ
  • သွေးမတိတ်တဲ့ရောဂါ
  • ကင်ဆာရောဂါတွေဟာလည်း နှာခေါင်းသွေးလျှံခြင်းကို ဖြစ်စေတဲ့ အကြောင်းအရာတွေ ဖြစ်ပါတယ်။
နှာခေါင်းသွေးလျှံတာ တော်တော်များများက ဆေးကုသမှု မလုပ်ရဘဲ သူ့ဘာသာ ပြန်ပျောက်သွားလေ့ ရှိပါတယ်။ ဘယ်အချိန်ဆို ဆေးခန်းသွားပြီး ဆေးကုသမှုခံယူဖို့ လိုအပ်မလဲ။
  • နှာခေါင်းသွေးလျှံတာ မိနစ် ၂၀ ကျော်နေပြီ ခုထိ မရပ်သေးဘူး
  • နှာခေါင်းကို ထိခိုက်မိပြီး နှာခေါင်းသွေးထွက်တာမျိုး (ချော်လဲတာ၊ ကားတိုက်တာ၊ မျက်နှာကို အထိုးခံရတာ) တဲ့ အခါမျိုးဆို နှာခေါင်းရိုးကျိုးတာ၊ ဦးခေါင်းခွံကွဲတာနဲ့ အတွင်းပိုင်း သွေးထွက်ခြင်းတွေကြောင့် နှာခေါင်းသွေးလျှံတတ်ပါတယ်။ ဒီလိုအချိန်မျိုးဆို နှာခေါင်းအနောက်ပိုင်းအခြမ်းက သွေးထွက်တာ ဖြစ်နိုင်တဲ့အတွက် ဆေးကုသမှုခံယူဖို့ လိုပါတယ်။
ရေးသားသူ Dr. Thin Yadanar @ Frances. ဆေးပညာပိုင်းဆိုင်ရာ တည်းဖြတ်သူ Dr. Thurein Hlaing Win. ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

A d v e r t i s e m e n t With Us

More News
Up