မွန်ပြည်နယ် အကျဉ်းထောင်များမှ အကျဉ်းသား ၉၀၀ ကျော် ပြန်လွတ်

သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ ဧပြီ ၁၇ ရက်နေ့ (မြန်မာနှစ်ဆန်းတစ်ရက်နေ့) မှာ မွန်ပြည်နယ်အကျဉ်းထောင်တွေက အကျဉ်းသား ၉၀၀ ကျော် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
မွန်ပြည်နယ်အကျဉ်းဦးစီးဌာနမှ ပြည်နယ်ဦးစီးမှူး ဦးလင်းဗိုလ်နောင်က “မွန်ပြည်နယ်မှာ အားလုံးပေါင်း ၉၂၅ ဦး သမ္မတလွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့ပါတယ်။ ဒီထဲမှာ သင်္ကြန်မတိုင်ခင်တုန်းက ပုံမှန်လျှော့ရက်နဲ့ လွတ်တဲ့သူ ၁၀၀ ၀န်းကျင်လောက်လည်း ပါတယ်။ လွတ်လာတဲ့ သူတွေက ပြစ်မှုကတော့ စုံတယ်။ မူးယစ်ဆေးဝါး သုံးစွဲတဲ့သူတွေ အများဆုံး ပါပါတယ်။ ဒီလို နိုင်ငံတော်သမ္မတကြီးရဲ့ လွတ်ငြိမ်းသာခွင့် လွှတ်ပေးခြင်းဖြင့် သူတို့လည်း လူ့စွမ်းအား အရင်းမြစ်တွေ ပြန်ရလာမှာပါ” လို့ ပြောပါတယ်။
မော်လမြိုင်အကျဉ်းထောင်မှ ၃၆၃ ဦး၊ အင်္ဂါပူ ရာဘာစိုက်ပျိုးရေးအတတ်သင်စခန်းမှ ၉၇ ဦး၊ သထုံအကျဉ်းထောင်မှ ၄၃ ဦး၊ ဇင်းကျိုက်ကုန်ထုတ်စခန်းမှ ၈၄ ဦး၊ ပေါင်မြို့နယ် ရင်းငြိမ်ကုန်ထုတ်စခန်းက ၅၄ ဦး၊ အင်းဗြောင်ကုန်ထုတ်စခန်းမှ ၁၄၅ ဦး၊ တောင်စွန်း ကုန်ထုတ်စခန်းမှ ၁၀ ဦး၊ မုပ္ပလင်အမျိုးသားကုန်ထုတ်စခန်းမှ ၈၃ ဦး နဲ့ မုပ္ပလင် အမျိုးသမီးကုန်ထုတ်စခန်းမှ ၄၆ ဦး စုစုပေါင်း ၉၂၅ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့တာပါ။
လွတ်မြောက်လာသူတွေထဲမှာ မွန်ပြည်နယ်ကတော့ နိုင်ငံရေးအကျဉ်းသားတွေ မရှိပေမယ့် လွတ်မြောက်ဖို့ အများဆုံး ၂ နှစ်အလို အကျဉ်းသားတွေလည်းပါရှိကြောင်း၊ အကျဉ်းသားတွေကို ဆုံးမသြ၀ါဒပေးကာ လွှတ်ပေးခဲ့ပြီး အရင်နှစ်ကထက် မွန်ပြည်နယ်မှာ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ လွှတ်ပေးခဲ့တာ ပိုမိုများပြားကြောင်းသိရပါတယ်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ/သား ၉၅၃၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်က မြန်မာတနိုင်လုံးရှိ အကျဉ်းထောင်နဲ့ အကျဉ်းစခန်းတွေက အကျဉ်းသူ/သား ၈၅၄၁ ဦး လွှတ်ပေးခဲ့ပြီး မွန်ပြည်နယ်ရှိ အကျဉ်းထောင်တွေက ၅၈၉ ဦး လွတ်မြောက်ခဲ့ပါတယ်။
အာကာမင်း