ကော်လိုရာဒိုကို တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ခဲ့သည့် ၁၈ နှစ်အမျိုးသမီးအား သေဆုံးလျက်တွေ့

အမေရိကန်နိုင်ငံ ကော်လိုရာဒိုပြည်နယ်ကို တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တဲ့ အသက် ၁၈ နှစ်အရွယ် အမျိုးသမီးကို ဧပြီ ၁၇ ရက်က သေနတ်ဒဏ်ရာနဲ့ သေဆုံးနေတာ တွေ့ခဲ့ရတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ သူ့ရဲ့အလောင်းကို ကိုလမ်ဘိုင်း အထက်တန်းကျောင်း အနောက်ဘက် မိုင် ၄၀ အကွာမှာ  တွေ့ရပြီး ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ ပစ်သတ်ခဲ့ပုံရတယ်လို့ FBI စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။ ဆိုးပေ့စ်လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ အခုသီတင်းပတ်အစောပိုင်းမှာ မိုင်ယာမီမြို့ကနေ ကော်လိုရာဒိုပြည်နယ်ကို ရောက်လာပြီး ဒီဒေသမှာ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ခဲ့တာကြောင့် စာသင်ကျောင်း ၂၀ ကျော်ကို လုံခြုံရေး တိုးမြှင့်ချထားခဲ့ရပါတယ်။ ၁၉၉၉ ခုနှစ်က ကိုလမ်ဘိုင်း အထက်တန်းကျောင်းမှာ သေနတ်ကိုင်ဆောင်လာတဲ့ ကျောင်းသားနှစ်ဦး ဝင်ပစ်လို့ လူ ၁၃ ဦး သေဆုံးခဲ့ပြီး အဲဒီကျောင်းသားနှစ်ဦးလည်း ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်ခဲ့ပါတယ်။ အဲဒီ ကျောင်းတွင်းပစ်ခတ်မှု နှစ် ၂၀ ပြည့်ဖို့ ရက်ပိုင်းအလိုမှာ ဆိုးပေ့စ်ရဲ့ ခြိမ်းခြောက်မှု ပေါ်ပေါက်လာတာကြောင့် စာသင်ကျောင်းတွေမှာ လုံခြုံရေး မြှင့်လိုက်တာပါ။ ဆိုးပေ့်စ်ဟာ ဘယ်နေရာကို တိုက်ခိုက်မယ်ဆိုတာ အတိအကျ မပြောခဲ့ပေမယ့် သူ့ရဲ့ ခြိမ်းခြောက်မှုကြောင့် ဒေသတွင်း လုံခြုံရေးအတွက် စိုးရိမ်မှုတွေ မြင့်တက်ခဲ့ရတယ်လို့ FBI အဖွဲ့ရဲ့ အထူးအေးဂျင့် ဒန်ဖီးလစ်က ပြောပါတယ်။

More News
Up