နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပြန်လည်လွတ်မြောက်

မြန်မာ့နှစ်သစ်ကူးမှာ နိုင်ငံတော်သမ္မတက အကျဉ်းသား ၉၅၀၀ ကျော်ကို လွတ်ငြိမ်း သက်သာခွင့်နဲ့ ပြန်လွှတ်ရာမှာ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ လွတ်မြောက်လာပါတယ်။
ပြန်လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားနှစ်ဦးကတော့ မုံးကိုးဒေသကာကွယ်ရေးတပ်ကနေ အကျဉ်းကျခံထားရတဲ့ ဦးမရမ်ဂမ်နဲ့ ဦးဇော်လတို့ဖြစ်ပါတယ်။
ဦးမရမ်ဂမ်က အိုးဘိုထောင်ကနေ လွတ်မြောက်လာတာဖြစ်ပြီး ဦးဇော်လကတော့ မြင်းခြံအကျဉ်းထောင်ကနေ မနေ့က ပြန်လွတ်မြောက်လာတာဖြစ်ပါတယ်။
မုံးကိုးအဖွဲ့ဝင်ဖြစ်တဲ့ သူတို့နှစ်ဦးဟာ မူးယစ်ဆေးဝါးနဲ့ပတ်သက်တဲ့အမှုတွေနဲ့ တရားစွဲဆိုခံ ရပြီး သေဒဏ်အပါအ၀င် ထောင်ဒဏ်တသက်တကျွန်း ကျခံရတဲ့သူတွေဖြစ်ပါတယ်။
အကျဉ်းထောင်မှာ ၁၉ နှစ်ကျော်လောက်နေခဲ့ရပြီးမှ အခုလို ပြန်လည်လွတ်မြောက်လာတာ ဖြစ်ပြီး ပြန်လွတ်လာချိန်မှာ ဦးမရမ်ဂမ်က အသက် ၇၅ နှစ် ဦးဇော်လကတော့ အသက်၇၂ ရှိပါပြီ။
မြန်မာနှစ်သစ်ကူးမှာ အစိုးရက အကျဉ်းသား တသောင်းနီးပါး လွှတ်ပေးခဲ့တဲ့အထဲ နိုင်ငံရေးအကျဉ်းသား ၂ ဦးသာ ပါဝင်တဲ့အပေါ် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) ကဝေဖန်ပါတယ်။
ဒီမိုကရေစီနိုင်ငံတနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားမရှိသင့်ဘူးလို့ အေအေပီပီ အမှုဆောင်ကော်မီတီဝင် ဦးအောင်မျိုးကျော်က ပြောပါတယ်။
“ဒီမိုကရေစီနိုင်ငံတခုမှာ နိုင်ငံရေးအကျဉ်းသားတယောက်ရှိနေတာဟာ အင်မတန်များလှပြီ ဆိုပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ပြောခဲ့တာရှိတယ်ဗျာ။ အဲတော့ အခု နိုင်ငံရေး အကျဉ်းသားက ၄၆ ယောက်ရှိတယ်။ ၂ ယောက်ပဲ လွှတ်တယ်။ ၄၄ ယောက်ကျန်နေသေးတဲ့ အတွက်ကြောင့် ကျနော်တို့နိုင်ငံဟာ အင်မတန်ကိုများနေတယ်လို့ ကျနော်တို့ ပြောချင်တာပေါ့နော်။”လို့ပြောပါတယ်။
နိုင်ငံရေးအကျဉ်းသားရှိနေသရွေ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးမဖြစ်နိုင်တာကြောင့် နိုင်ငံရေးအကျဉ်းသားတွေကို ချွင်းချက်မရှိ ပြန်လွှတ်ပေးဖို့ လည်း အေအေပီပီက တောင်းဆိုပါတယ်။
လက်ရှိအချိန်အထိ မြန်မာနိုင်ငံ အကျဉ်းထောင်တွေထဲမှာ နိုင်ငံရေးအကျဉ်းသားပေါင်း ၄၄ ဦး၊ ထောင်တွင်းကနေ အမှုရင်ဆိုင်နေသူ ၉၀ ဦးနဲ့ အာမခံရပြီး အပြင်ကနေ အမှုရင်ဆိုင်နေရသူ ၂၂၈ ဦး ရှိနေတယ်လို့ အေအေပီပီ စာရင်းအရ သိရပါတယ်။
နိုင်ငံတော် ပုန်ကန်မှု နိုင်ငံတော် အကြည်ညိုပျက်စေမှုတွေနဲ့ ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံထားရတဲ့ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်တို့ ပြန်လွတ် မလာသေးသလို၊ နိုင်ငံတော်လျှို့ဝှက်ချက် ဥပဒေနဲ့ ထောင် ၇ နှစ်ချခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့လည်း ပြန်လွတ်မလာသေးပါဘူး။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ/သား ၉၅၃၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။