Home
မြန်မာသတင်း
မိတ္ထီလာ နှင့် ဘုရားငါးဆူ အကျဉ်းဦးစီးတို့မှ အကျဉ်းသား ၁၅၅ ဦး လွတ်မြောက်
DVB
·
April 18, 2019
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင်အတွင်းက မိတ္ထီလာအကျဉ်းဦးစီးနဲ့ သာစည်ဘုရားငါးဆူ အကျဉ်းဦးစီးတို့မှ ဧပြီလ ၁၇ ရက် သမ္မတ လွတ်ငြိမ်းချမ်းသားခွင့်နဲ့ အကျဉ်းသား ၁၅၅ ဦး လွတ်မြောက်လာပါတယ်။ မိတ္ထီလာအကျဉ်းဦးစီးဌာန အကျဉ်းထောင်မှ အကျဉ်းသား ၅၄ ဦးနဲ့ အကျဉ်းသူ ၂ ဦး စုစုပေါင်း ၅၆ ဦး လွတ်မြောက်ပါတယ်။ ခရိုင်အဆင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတွေက အကျဉ်ထောင် ဧည့်ရိပ်သာမှာ ဆုံးမသြဝါဒ စကားပြောကြားပြီး ခရီးစရိတ်၊ စားစရိတ်၊ လုပ်အားခံစားခွင့် ငွေတွေကို တဦးချင်းစီ ပေးအပ်ခဲ့ပါတယ်။ အကျဉ်းဦးစီးဌာနလက်ထောက်ညွှန်မှူး ဦးခင်ရွှေက "အများအားဖြင့်ကတော့ မူးယစ်မှူနဲ့ အကျဉ်းကျသူတွေပါ။ ပြစ်မှူကြီးတွေက လွတ်ငြိမ်းမပါပါဘူး။ လွတ်လာတဲ့ အကျဉ်းသူ ၂ ဦးကလည်း မူးယစ်မှုကပါပဲ " လို့ ဒီဗွီဘီကို ပြောပါတယ်။ သာစည်မြို့နယ် ဘုရားငါးဆူ ကုန်ထုတ်စခန်း အကျဉ်းဦးစီးဌာနက အကျဉ်းသား ၉၉ ဦး လွတ်မြောက်လာပြီး တာဝန်ရှိသူတွေက ခရီးစရိတ်၊ စားစရိတ်၊ လုပ်အားခံစားခွင့်တွေ ပေးခဲ့ပါတယ်။ သာစည်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ဇင်က “မူးယစ်အကျဉ်းသား ၇၈ ဦးနဲ့ တပ်မတော် အက်ဥပဒေနဲ့ အကျဉ်းသား ၂၁ ဦး ပေါင်း ၉၉ ဦး လွတ်ပါတယ်။ ခံစားခွင့်ငွေ ၆၆ သိန်းကျော် ပေးခဲ့တယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။ မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ/သား ၉၅၃၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။ သတင်း-မောင်မောင်လင်း
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024