သင်္ကြန်ကာလ ပြည်သူနှင့် ချစ်ခင်ရင်းနှီးစွာ တာဝန်ထမ်းခဲ့သည့် ထိုင်းယာဉ်ထိန်းရဲ ဂုဏ်ပြုခံရ

ထိုင်းနိုင်ငံအလယ်ပိုင်း လုပ်ပူရီခရိုင်ထဲက ယာဉ်ထိန်းရဲတဦးဟာ သင်္ကြန်ကာလ ရေကစားတဲ့ ပြည်သူတွေ လုံခြုံဘေးကင်းရေး နယ်လှည့်ပြီး သတိပေးနှိုးဆော်စဉ် ပြည်သူတွေက ပေါင်ဒါနဲ့ ဝိုင်းလိမ်းပေးလိုက်တဲ့အထိ ရင်းနှီးချစ်ခင်မှု ရရှိခဲ့တဲ့အတွက် ဌာနက ဝန်ထမ်းကောင်း ဂုဏ်ပြုဆု ချီးမြှင့်ခဲ့ပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန်တွင်းက မျက်နှာမှာ ပေါင်ဒါတွေအပြည့်နဲ့ ပြည်သူတွေ ဘေးရန်ကင်းစွာ ရေကစားဖို့ သတိထားရမယ့်အချက်တွေ လိုက်လံနှိုးဆော်နေတုန်း ပြည်သူတွေကလည်း သူ့ကို ပေါင်ဒါတွေနဲ့ ပြန်သုတ်လိမ်းပေးနေတဲ့ ယဉ်ထိန်းရဲတဦးပုံတွေ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပြီး အဲဒီရဲရဲ့ လုပ်ရပ်ကိုလည်း ချီးကျူးနေကြပါတယ်။ အဲဒီရဲဟာ လုပ်ပူရီခရိုင် ချိုင်းပါတန်းမြို့နယ် ရဲတပ်ဖွဲ့က ဒုရဲအုပ် ထန်းဆကွန်း ထန်းဆထွန်းနစ် ဆိုသူဖြစ်ကြောင်း သိရှိရတဲ့အတွက် ဧပြီ ၁၇ ရက်နေ့မှာ ခရိုင်ရဲမှူးကြီးက ပြည်သူတွေနဲ့ ချစ်ကြည်ရင်းနှီးစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့ သူ့ကို ရဲတပ်ဖွဲ့ဝင်တွေ ရှေ့မှောက်မှာပဲ စံပြအဖြစ် ဂုဏ်ပြုလက်မှတ်နဲ့ ငွေသားတချို့ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။

More News
Up