သင်္ကြန်ယိမ်းအကမယ် ၂ ဦးအား ဓားဖြင့်ထိုးပြီး ထွက်ပြေးသွားသူကို ဖမ်းမိ
DVB
·
April 18, 2019
ကချင်ပြည်နယ် မိုးညှင်းမြို့မှာ လူသတ်ပြီး ထွက်ပြေးလွတ်မြောက်နေတဲ့ တရားခံလို့ ယူဆရသူကို ဧပြီ ၁၇ ရက်နေ့ ညနေ ၆ နာရီက ဖမ်းမိခဲ့တယ်လို့ မိုးညှင်းရဲစခန်းကသိရပါတယ်။
ဧပြီ ၁၂ ရက်ညနေ့က သက်ပိုင်ဦးဆိုသူဟာ စိမ်းမြောက်ဓမ္မာရုံမှာ သင်္ကြန်ယိမ်းအကတိုက်ဖို့ လာကြတဲ့ မေမီနှင်းနဲ့ စကားများပြီး ဓားနဲ့ထိုးခဲ့ကြောင်း၊ ဝင်ရောက်ဖျန်ဖြေသူ မော်မော်အေးကိုလည်း ဓားနဲ့ထိုးပြီး ထွက်ပြေးသွားခဲ့တယ်လို့ ဆိုပါတယ်။
ဝင်ရောက်ဖြန်ဖြေသူ မော်မော်အေး သေဆုံးခဲ့ပြီး ထွက်ပြေးသွားတဲ့ သက်ပိုင်ဦးကို မော်ဟန်-နမ္မချီ ကျောက်စိမ်းမှော်မှာ ဖမ်းမိခဲ့တယ်လို့ သိရပါတယ်။
လူသတ်မှုနဲ့ပတ်သက်ပြီး ဒေသခံအမျိုးသမီးတချို့က အမှန်အတိုင်းဖြစ်စေချင်ကြောင်း၊ ကျူးလွန်သူကို သေစားသေစေ အမိန့်ချပေးစေချင်တယ်လို့ ဆိုပါတယ်။
တရားခံလို့ ယူဆရသူ သက်ပိုင်ဦးကို မိုးညှင်းရဲစခန်းက ရာဇသတ်ကြီးပုဒ်မ ၃၀၂ နဲ့ ဖမ်းဆီးအရေးယူထားပါတယ်။
သတင်း - မုန်းမုန်းမင်း