လွိုင်ကော်အကျဉ်းထောင်မှ အကျဉ်းသား ၉၃ ဦး လွတ်မြောက်
နော်နိုရင်း
·
April 18, 2019
မြန်မာ့နှစ်သစ်ကူး နိုင်ငံတော်သမ္မတရဲ့ လွတ်ငြိမ်းသက်သာခွင့်နဲ့ ကယားပြည်နယ် လွိုင်ကော်ကျဉ်းထောင်မှာ အကျဉ်းသူ၊ အကျဉ်းသား ၉၃ ဦး ပြန်လွတ်မြောက်လာပါတယ်။
ပြန်လွတ်လာသူအများစုဟာ သက်လတ်ပိုင်းတွေများပြီး မူးယစ်ပုဒ်မ ၁၅၊ ၁၆ နဲ့ စွဲဆိုခံရသူတွေ များတယ်လို့ လွိုင်ကော်ထောင်ပိုင်ကြီး ဦးမြင့်စိုးက ပြောပါတယ်။
“အားလုံးအမျိုးသားက ၈၃ ယောက်၊ အမျိုးသမီးက ၁၀ ယောက်၊ အားလုံး ၉၃ ယောက်လွှတ်ပါတယ်ခင်ဗျာ။ မနေ့ကတည်းက ကျနော်တို့ ၁၂ နာရီခွဲမှာ အကုန်လုံး လွှတ်ပေးလိုက်ပါပြီ။ အဓိကကတော့ မူးယစ်ပုဒ်မ ၁၅၊ ၁၆ နဲ့ တပ်ပြေး၊ နောက် ရဲစည်းကမ်းက ဒါပါပဲ။ အသက်အရွယ်ကတော့ လူလတ်ပိုင်းတွေများပါတယ်။”
မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေရတဲ့ အကျဉ်းသူ/သား ၉၅၃၉ ဦးကို ပြစ်ဒဏ်လွတ်ငြိမ်းသက်သာခွင့် အမိန့်ရာဇ၀တ်ကျင့်ထုံး ဥပဒေပုဒ်မ ၄၀၁ ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားပဲ လွတ်ငြိမ်းသက်သာခွင့်ပေးလိုက်ကြောင်း သမ္မတရုံးက မနေ့က ထုတ်ပြန်ထားပါတယ်။