A d v e r t i s e m e n t With Us

ပေါ်တိုကို ၄ ဂိုး ၁ ဂိုးဖြင့်နိုင်ပြီး လီဗာပူး ချန်ပီယံလိဂ် ဆီမီးတက် (ရုပ်သံ)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပေါ်တိုနဲ့ လီဗာပူးတို့ မနေ့ကယှဉ်ပြိုင်ရာ လီဗာပူးက လေးဂိုး တဂိုးနဲ့ အနိုင်ရသွားပါတယ်။ ပထမအကျော့ လီဗာပူးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်ကလည်း အိမ်ရှင်အသင်းကပဲ နှစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရထားတာကြောင့် နှစ်ကျော့ပေါင်းရလဒ် ခြောက်ဂိုး တဂိုးနဲ့ လီဗာပူးနိုင်ပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားတာပါ။ လီဗာပူးအသင်းဟာ ဒီပွဲမှာ တိုက်စစ်မှူး ဖာမီနို၊ ကီတာ၊ စတာရစ်ခ်ျနဲ့ အသင်းခေါင်းဆောင် ဟန်ဒါဆင်တို့ကို အရန်ခုန်မှာထားပြီး တိုက်စစ်မှာ ဆာလက်၊ မာနေး၊ အိုရီဂီတို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ အိမ်ရှင် ပေါ်တိုအသင်းဟာ ပထမအကျော့ကရှုံးကျွေး ဆပ်နိုင်ရေး ကြိုးစားခဲ့ပြီး ဘောလုံးပိုင်ဆိုင်မှုနဲ့ ထိုးဖောက်ကန်သွင်းခွင့်မှာ အသာရခဲ့ပေမယ့် အခွင့်အရေးတွေ အသုံးမချနိုင်ဘဲ အရှုံးပေးခဲ့ရတာပါ။ လီဗာပူးအသင်းကတော့ ရတဲ့အခွင့်အရေးတွေ အပိုင်အသုံးချနိုင်ခဲ့တဲ့အတွက် ဂိုးပြတ်နိုင်ပွဲနဲ့အတူ နောက်တဆင့်ကို တက်လှမ်းနိုင်တာ ဖြစ်ပါတယ်။ လီဗာပူးအတွက် ဂိုးတွေကိုတော့ ၂၆ မိနစ်မှာ မာနေး၊ ၆၅ မိနစ်မှာ ဆာလက်၊ ၇၇ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး ဖာမီနိုနဲ့ ၈၄ မိနစ်မှာ ဗန်ဒိုက်တို့က သွင်းယူပေးခဲ့ပါတယ်။ ပေါ်တိုအတွက် တလုံးတည်းသော ချေပဂိုးကိုတော့ ၆၈ မိနစ်မှာ မီလီတာအိုက သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအတွက် အကောင်းဆုံးကစားသမားအဖြစ် လီဗာပူးနောက်တန်းမှာ ခြေစွမ်းပြပြီး အနိုင်ဂိုးတဂိုး သွင်းယူပေးခဲ့တဲ့ ဗန်ဒိုက်ကို သတ်မှတ်ခဲ့ပါတယ်။ လီဗာပူးဟာ ဆီမီးဖိုင်နယ်မှာ စပိန်ထိပ်သီး ဘာစီလိုနာနဲ့ တွေ့ဆုံနေပြီး လာမယ့် ဧပြီ ၃၀ ရက်နေ့ အဝေးကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

A d v e r t i s e m e n t With Us

More News
Up