စပါးအသင်းကို အဝေးဂိုးစည်းမျဉ်းဖြင့် ရှုံးပြီး မန်စီးတီး ချန်ပီယံလိဂ် ကွာတားမှထွက် (ရုပ်သံ)

ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်အဖြစ် ပရီးမီးယားလိဂ် ပြိုင်ဘက်နှစ်သင်းဖြစ်တဲ့ မန်စီးတီးနဲ့ စပါးတို့ မနေ့ကယှဉ်ပြိုင်ရာ မန်စီးတီးက လေးဂိုး သုံးဂိုးနဲ့ အနိုင်ရသွားပါတယ်။ ဒီနှစ်သင်း ပထမအကျော့ စပါးကွင်းမှာ ယှဉ်ပြိုင်ခဲ့စဉ်က အိမ်ရှင် စပါးအသင်းက တဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာကြောင့် နှစ်ကျော့ပေါင်းရလဒ် လေးဂိုးစီ တူညီနေပေမယ့် အဝေးဂိုး စည်းမျဉ်းအရ စပါးအသင်း အနိုင်ရပြီး ဆီမီးဖိုင်နယ် တက်ရောက်သွားတာပါ။ အိမ်ရှင် မန်စီးတီးအသင်းဟာ ပထမအကျော့က ရှုံးကျွေးဆပ်နိုင်ရေး အဓိက ကစားသမားတွေဖြစ်တဲ့ အဂွေရို၊ စတာလင်၊ ဒေးဗစ်ဆေးလ်ဗား၊ ဘာနာဒိုဆေးလ်ဗား၊ ဒီဘရိုင်း၊ ဂန်ဒိုဂန်တို့နဲ့ လူစုံထုတ်ခဲ့ပါတယ်။ စပါးအသင်းမှာတော့ ဒဏ်ရာရနေတဲ့ အဓိက တိုက်စစ်မှူး ဟယ်ရီကိန်း မပါဝင်နိုင်ဘဲ ဆွန်ဟောင်မင်၊ လူးကပ်စ်မော်ရာ၊ အဲရစ်ဆင်၊ အယ်လီ၊ ဆစ်ဆိုကို၊ ဝမ်ယာမာ၊ ရို့စ်၊ ဗာတွန်ဂန်၊ အယ်လ်ဒါဝီယာ၊ ထရစ်ပီယာနဲ့ ဂိုးသမားအဖြစ် လိုရစ်တို့နဲ့ ပွဲထွက်ခဲ့ပါတယ်။ ဆီမီးဖိုင်နယ်တက်ရေး အရေးကြီးပွဲစဉ်ဖြစ်တာနဲ့အညီ နှစ်သင်းစလုံး အင်တိုက်အားတိုက် ယှဉ်ပြိုင်ခဲ့ပြီး ဂိုးတွေ အပြန်အလှန် သွင်းခဲ့ကြတဲ့အတွက် ပရိသတ်အကြိုက် ပွဲကောင်းတပွဲ ဖြစ်ခဲ့ပါတယ်။ ဒီပွဲစဉ်မှာ အိမ်ရှင် မန်စီးတီးအသင်းက ဘောလုံးပိုင်ဆိုင်မှုရာ ထိုးဖောကန်သွင်းခွင့်မှာပါ အသာရခဲ့ပါတယ်။ မန်စီးတီးအတွက် ဂိုးတွေကို ပွဲအစ ၄ မိနစ်နဲ့ ၂၁ မိနစ်မှာ စတာလင်၊ ၁၁ မိနစ်မှာ ဘာနာဒိုဆေးလ်ဗားနဲ့ ၅၉ မိနစ်မှာ အဂွေရိုတို့က သွင်းယူပေးခဲ့ပါတယ်။ စပါးအတွက် ချေပဂိုးတွေကိုတော့ ပွဲအစ ၇ မိနစ်နဲ့ ၁၀ မိနစ်မှာ ဆွန်ဟောင်မင်၊ ၇၃ မိနစ်မှာ လူစားဝင်တိုက်စစ်မှူး လော်ရန်တေးတို့က သွင်းယူပေးခဲ့ပါတယ်။ ဒီပွဲအနိုင်ရတဲ့ စပါးအသင်းဟာ အသင်းသမိုင်းတလျှောက် ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ကို ဒုတိယအကြိမ်မြောက် တက်ရောက်နိုင်တာဖြစ်ပြီး လာမယ့် ဧပြီ ၃၀ ရက်နေ့မှာ ဆီမီးဖိုင်နယ် ပထမအကျော့အဖြစ် အေဂျက်အသင်းနဲ့ အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up