ကေတီဗွီဆိုင်သုံး သီချင်းများအတွက် အနုပညာကြေးရရန် ကြိုးစား
DVB
·
October 25, 2012
လက်ရှိ ရန်ကုန်မြို့ပေါ်က ကေတီဗွီ ဆိုင်တွေမှာ အသုံးပြုနေတဲ့ သီချင်းတွေနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ အနုပညာရှင်တွေ မူပိုင်ခွင့်ကြေး ရရှိအောင် ကြိုးစားနေတယ်လို့ ဂီတ အစည်းအရုံး တာဝန်ရှိသူ ဦးမြင့်မိုးအောင်က ဒီဗွီဘီကို ပြောပါတယ်။
မနေ့က ကေတီဗွီ ကာရာအိုကေဆိုင်ပိုင်ရှင် ၁၀၀ ကျော်နဲ့ ဂီတအစည်းအရုံး တာဝန်ရှိသူတွေ တွေ့ဆုံ ညှိနှိုင်းပွဲမှာ ၂ ဘက် သဘောတူနိုင်မယ့် မူပိုင်ကြေး ပေးတဲ့စနစ် သတ်မှတ်ဖို့ ကိစ္စနဲ့ နှုန်းထား စတာတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
လက်ရှိ ကျင့်သုံးနေတဲ့ ကာရာအိုကေ ဆိုင်ဖွင့်လှစ်ထားသူတွေဟာ ၁ နှစ်တာ လိုင်စင်ရအောင် ၁ နှစ်ထွက်တဲ့ ကာရာအိုကေ အခွေ ဓာတ်ပြားတွေရဲ့ ၂၀ ရာခိုင်နှုန်း ၀ယ်ယူတဲ့ စနစ်ဟာ အနုပညာသည်တွေဘက်က နစ်နာနေတာမို့ အခုလို စနစ်တကျဖြစ်ရေး ညှိနှိုင်းရတာလို့ ဦးမြင့်မိုးအောင်က ပြောပြပါတယ်။