ရုရှားနိုင်ငံတွင် နော်ဝေနိုင်ငံသား ၁ ဦးကို သူလျှိုမှုဖြင့် ထောင်ဒဏ် ၁၄ နှစ်ချမှတ်

ရုရှားတရားရုံးက နော်ဝေနိုင်ငံသား အမျိုးသားတဦးကို နျူကလီးယား ရေငုပ်သင်္ဘောတွေနဲ့ ပတ်သက်ပြီး သူလျှို ထောက်လှမ်းမှုနဲ့ အပြစ်ရှိကြောင်း ဧပြီ ၁၅ ရက်မှာ ဆုံးဖြတ်ပြီး ထောင်ဒဏ် ၁၄နှစ် ပြစ်ဒဏ်စီရင်လိုက်ပါတယ်။ ဒီစီရင်ချက်ကြောင့် ရုရှားအစိုးရနဲ့ နေတိုးအဖွဲ့ဝင် နော်ဝေနိုင်ငံတို့ အကြား ဆက်ဆံရေး တင်းမာနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ ထောင်ဒဏ်ချခံရတဲ့ အသက်၆၃နှစ်အရွယ် ဖရိုဒေဘာ့ဂ်ဟာ နော်ဝေ-ရုရှား နယ်ခြားစောင့်တပ်ကနေ အငြိမ်းစား ယူခဲ့သူဖြစ်ပြီး သူဟာ မော်စကိုမြို့တော်မှာ ၂၀၁၇ ဒီဇင်ဘာက အဖမ်းခံခဲ့ရပြီး ဒီလထဲမှာ တံခါးပိတ် စစ်ဆေး ခံခဲ့ရတာပါ။ နော်ဝေ အစိုးရ ကိုယ်စား သူလျှို လုပ်ခဲ့တယ် ဆိုတဲ့ စွဲချက်မှာ အပြစ်မရှိဘူးလို့ ဖရိုဒေဘာ့ဂ်က ငြင်းဆိုခဲ့ပြီး စွဲချက်ကို အယူခံဝင်မှာ မဟုတ်ဘဲ သမ္မတ ဗလာဒီမီယာ ပူတင်ဆီက သမ္မတ လွတ်ငြိမ်းချမ်းသာခွင့်ကို တောင်းခံဖို့ စီစဉ်ထားတယ်လို့ သူ့ရှေ့နေ အိုင်ယာ နိုဗီကို့ဗ်က ပြောပါတယ်။ ဘာ့ဂ် ကတော့ သူဟာ နော်ဝေ စစ်ထောက်လှမ်းရေး အတွက် ဆက်သားအဖြစ် အသုံးချ ခံခဲ့ရဘူးတယ်လို့ ဝန်ခံခဲ့ပေမယ့် သူ ပါဝင်နေရတဲ့ စစ်ဆင်ရေးနဲ့ ပတ်သက်ပြီး ဘာမှ မသိဘူးလို့ ပြောပါတယ်။ ပူတင်အနေနဲ့ ဘာ့ဂ်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးတာ ဖြစ်ဖြစ် ဒါမှမဟုတ် အကျဉ်းသား လဲလှယ်ရေး အစီအစဉ်မှာ ထည့်တာ ဖြစ်ဖြစ် လုပ်နိုင်တဲ့ လမ်းကို ဖွင့်ပေးနိုင်တယ်လို့ မီဒီယာတွေက သုံးသပ်ပါတယ်။ တရားရုံး ဆုံးဖြတ်ချက်ကို ကြည့်ပြီး အကျဉ်းသား ဖလှယ်ဖို့  ဖြစ်နိုင်ချေကို စောင့်ကြည့်ရမယ်လို့ ပူတင်က အရင်အပတ်က ပြောပါတယ်။ သူလျှိုမှုဟာ ရုရှား ဥပဒေအရ ထောင်ဒဏ် နှစ်၂၀ထိ ကျခံရ နိုင်ပါတယ်။ ဓာတ်ပုံ- EPA

Independent media are under attack by the Myanmar junta. DVB continues reporting the facts, but needs support for the safety of our journalists. You help with any donation. Thank you.

Donate
More News
Up