ကလေး၊ မြင်းခြံ၊ ပဲခူးနှင့် မိုးညှင်းထောင်များမှ အကျဉ်းသားများ ပြန်လွတ်လာ
DVB
·
April 17, 2019
စစ်ကိုင်းတိုင်း၊ ကလေးမြို့ မော်လိုက်ကလေးအကျဉ်းထောင်က အကျဉ်းသူ အကျဉ်းသား ၁၀၀ ကျော်တို့ သမ္မတရဲ့ နှစ်သစ်ကူး လွတ်ငြိမ်းသက်သာခွင့်နဲ့ ပြန်လည် လွတ်မြောက်လာ ပါတယ်။
မြန်မာနှစ်ဆန်း ၁ရက် ဒီကနေ့ မနက်ပိုင်းက ကလေးမြို့ အကျဉ်းထောင်ကနေ အမျိုးသား ၁၇၉ဦးနဲ့ အမျိုးသမီး ၄၅ ဦး စုပေါင်း ၂၂၄ ဦးပြန်လွတ်လာပြီး ရာဇဂြိုဟ် အမှတ် ၁ နဲ့ ၂ စခန်းက ၁၁၀ ဦးလည်း လွတ်ငြိမ်းခွင့်ရခဲ့ပါတယ်။
ခုလို ကလေးမြို့ထောင်ကနေ လွတ်ငြိမ်းခွင့်ရတဲ့အထဲမှာ နိုင်ငံခြားသား ၁ဦး ပါဝင်ပြီး မူးယစ်ဆေးဝါးမှုနဲ့ တရားစွဲဆို အပြစ်ဒဏ် ခံရသူတွေဖြစ်တယ်လို့ သိရပါတယ်။
မန္တလေးတိုင်း၊ မြင်းခြံအကျဉ်းထောင်ကလည်း အကျဉ်းသား အကျဉ်းသူ ၃၅ ဦး ဒီကနေ့မနက်က ပြန်လည်လွတ်မြောက်လာပါတယ်။
လွတ်မြောက်လာသူတွေထဲမှာ အကျဉ်းသား အမျိုးသား ၃၃ ဦးပါဝင်ပြီး၊ အကျဉ်းသူ အမျိုးသမီး ၂ ဦးပါဝင်တယ်လို့ သိရပါတယ်။
ပဲခူးတိုင်းဒေသကြီး ပဲခူးအကျဉ်းထောင်ကနေ အကျဉ်းသား ၁၂ ဦးနဲ့ အကျဉ်းသူ ၁ ဦး စုစု ပေါင်း ၁၃ ဦး လွတ်မြောက်ခဲ့တယ်လို့ ပဲခူးအကျဉ်းထောင် တာဝန်ရှိသူတဦးထံက သိရပါတယ်။
ဒီအထဲမှာ စစ်စည်းကမ်းဖေါက်ဖျက်မှုနဲ့ ကျား ၆ ဦး၊ ရဲစည်းကမ်း ဖောက်ဖျက်မှုနဲ့ ကျား ၅ ဦး မ တဦးအပြင် မူးယစ်ဆေးဝါးသုံးစွဲမှုနဲ့ တဦး လွတ်မြောက်သွားခဲ့ ပါတယ်။
လွတ်မြောက်သွားသူတွေကတော့ ရင်ထဲမှာ တအားပျော်တယ်၊ သမ္မတကြီးကိုလည်း တအား ကျေးဇူးတင်တယ်လို့ ပြောကြပါတယ်။
အလားတူ ကချင်ပြည်နယ်၊ မိုးညှင်းမြို့ ဆယ်မိုင်အကျဉ်းထောင်ကနေလည်း အကျဉ်းသား အကျဉ်းသူ ၅၀၀ ကျော်တို့ ဒီကနေ့ မွန်းလွဲပိုင်းမှာ ပြန်လွတ်မယ်လို့ ကြားသိရလို့ မိသားစုတွေ ထောင်ပြင်ပမှာ ရောက်ရှိနေကြပြီး ဒီနေ့အတွက် ထောင်ဧည့်တွေ့ ပိတ်ထားတယ်လို့ သိရပါတယ်။
ဒီကနေ့ မြန်မာနှစ်ဆန်း ၁ရက်နေ့မှာ အကျဉ်းထောင်အသီးသီးက နိုင်ငံသားအကျဉ်းသား ၉၅၃၅ ဦးနဲ့ နိုင်ငံခြားသားအကျဉ်းသား ၁၆ ဦး စုစုပေါင်း ၉၅၅၁ ဦး ကို နိုင်ငံတော်သမ္မတက ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ (၄၀၁) ပုဒ်မခွဲ (၁) အရ စည်းကမ်းသတ်မှတ်ချက်မထားဘဲ ပြန်လည် လွတ်ပေးခဲ့တာ ဖြစ်ပါတယ်။
သတင်း၊ ဓာတ်ပုံ - ရီရီထွန်း၊ မင်းရဲစစ်နိုင်၊ အောင်စိုးမိုး၊ မုန်းမုန်းမင်း၊